ဧပြီလကုန်ပိုင်း အတွင်း တာချီလိတ်ရှိ ကလေးများ ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားမှု ပိုမိုများပြားလာပြီး ခရမ်းလွန်ညွှန်းကိန်း မြှင့်မားမှုကြောင့် ဖြစ်ပွားတတ်သော ရောဂါများနှင့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်ရန် ပညာရှင်များမှ သတိပေးထားကြောင်း သိရသည်။
“ဒီအချိန်ဆိုရင် ရေရှားပါးတာနဲ့ မသန့်ရှင်းတဲ့ ရေကြောင့် ကလေးတွေမှာ ၀မ်းပျက်ဝမ်းလျှောတာ အဖြစ်များတယ်၊ အခုတစ်လော တစ်နေ့ကို (၂/၃)ယောက်လောက် ဆေးခန်းလာပြတာတွေ့ရတယ်၊ အကြောင်းကိစ္စကြောင့် အပြင်ထွက်ရင် အကာအကွယ်မပါဘဲ မထွက်သင့်ဘူး”ဟု တာချီလိတ် အောင်ဆေးခန်းမှ ဒေါက်တာမြင့်အောင်မှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဧပြီ(၂၁)ရက်နေ့က တာချီလိတ်၌ ထူးထူးခြားခြား အပူချိန်(၄၅ံ)အထိမြှင့်တက်သွားခဲ့သောကြောင့် ပူလွန်ကဲခြင်းကြောင့် ဖြစ်ပေါ်သော အပူရှပ်ခြင်းနှင့် ၀မ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားမှု ပိုမိုများပြားလာကြောင်း ၎င်းထံမှသိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း၏ ခရမ်းလွန်ရောင်ခြည် ကျရောက်နိုင်မှု အခြေအနေအား ဧပြီလအတွင်း ညွှန်းကိန်း (၁၂)အထိ ရှိကြောင်း မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဖေ့ဘုတ်စာမျက်နှာတွင် ဖေါ်ပြထားပြီး အယ်နီညိုရာသီဥတု အခြေနေအရလည်း အပူလှိုင်း ဖြတ်နိုင်ဖွယ်ကြောင်း မိုးလေ၀သပညာရှင်ဒေါက်တာ ဦးထွန်းလွင်က သုံးသပ်ထားသည်။
ခရမ်းလွန် ရောင်ခြည်ညွှန်းကိန်း မြှင့်တက်လာမှုကြောင့် အရေပြားကင်ဆာအထိဖြစ်ပွားနိုင်ကြောင်း အပြင်ထွက်ရန် အကြောင်းပေါ်ပါက အင်္ကျီလက်ရှည်နှင့် ဦးထုတ်၊ ထီးများဆောင်းသင့်ကြောင်း၊ နေပူထဲမှ ပြန်ရောက်လျှင် ချက်ချင်း ခြေလက်ဆေးခြင်းအား ရှောင်းရှားသင့်ကြောင်း ယခုကာလသည် အပူကြောင့် ဖြစ်ပွားသော ရောဂါများဖြစ်ပွားလေ့ရှိသည့်အတွက် မသန့်ရှင်းသော အစားအစာနှင့် အရည်များ သောက်သုံးခြင်း မပြုရန်နှင့် နေ့ခင်းနေ့လယ် အရက်သေစာသောက်သုံးခြင်းအား ရှောင်ရှားသင့်ကြောင်း ကျန်းမာရေးဆိုင်ရာ ပညာရှင်များမှ သတိပေးပြောကြားထားသည်။
“အခုတစ်လော ပူတာ နေလို့မရဘူး ရေချိုးလဲခဏဘဲ၊ ပန်ကာဖွင့်ထားတော့လဲ နှာစီးတယ်၊ ကလေးတွေလဲ အပူရှပ်ပြီး ဖျားတာတို့ ၀မ်းလျှောတာတို့ အခုတစ်လော ဖြစ်တယ်”ဟု ဒေသခံ တစ်ဦးမှပြောသည်။
အပူချိန်မြှင့်တက်လာမည့် အခြေနေတွင် အပူဒဏ်၏ နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်များဖြစ်သော သောက်သုံးရေ ရှားပါးမှု၊ စိုက်ပျိုးရေရှားပါးမှုများ အပြင် မီးဘေး အန္တရာယ်အားလည်း ကြိုတင်ကာကွယ်ရန်အတွက် ပညာရှင်များမှ သတိပေးထုတ်ပြန်ထားကြောင်း သိရသည်။
သတင်း။ ။ ဇက်(Z)
#TachileikOnlineNews
www.tachileik.net ❂⊱