တာချီလိတ်မြို့၌ လျှပ်စစ်မီးနှင့် ပတ်သက်၍ မိုးရာသီအတွင်း ကြိုတင်ပြင်ဆင်မှု အနေဖြင့် လျှပ်စစ်မီးကြိုးများ အစားထိုး လဲလှယ်ခြင်း နှင့် မီးကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းရေး လုပ်ငန်းများအတွက် ၂၀၁၅ခုနှစ် ဧပြီလ(၂၅)ရက်၊ စနေနေ့ နံနက်(၉)နာရီအချိန်မှ ညနေ (၄)နာရီ အချိန်ထိ တစ်မြို့လုံး အတိုင်းအတာ အနေဖြင့် လျှပ်စစ်မီးအား ခေတ္တ ဖြတ်တောက်သွားမည် ဖြစ်ကြောင်း မြို့မီးလင်းရေးကော်မတီမှ သိရသည်။
"မိုးရွာရင် သစ်ကိုင်းတွေကြောင့် ဒီမီးကြိုးတွေအပေါ် ပွတ်တိုက်မှုတွေဖြစ်ပြီး အန္တရာယ်တွေဖြစ်မှာဆိုးလို့ ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ဒီပါကျော်ဈေး အရှေ့ကနေ ကမ္ဘောဇဘဏ်(၁) လမ်းထိပ်အထိ မီးကြိုးတွေကို ပြင်ဆင်ဖို့ရှိပါတယ် အဲ့ဒီတစ်နေ့တည်းမှာဘဲ ပြုပြင်ရေးနဲ့ ပတ်သက်ပြီး အပိုင်း(၂)ပိုင်းလုံး တစ်ခါတည်း လုပ်ဆောင်မှာ ဖြစ်တဲ့အတွက်ကြောင့် လျှပ်စစ်မီးကို နံနက်ကနေ ညနေအထိ ခေတ္တပြတ်မှာဖြစ်ပါတယ်၊ သတ်မှတ်ထားတဲ့ အချိန်မရောက်ခင် အရင်ပြီးတဲ့ အပိုင်းက အရင်ဆုံး ပုံမှန်အတိုင်း ပြန်လွှတ်ပေးသွားမှာပါ..."ဟု မြို့မီးလင်းရေးကော်မတီမှ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးစိုင်းခမ်းမွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ အသိပေးပြောကြားလာသည်။
မြို့မီးလင်းရေးကော်မတီမှ အဆိုပါနေ့တွင် မီးကြိုးများ လဲလှယ်ခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း အဖြစ် နေရာပေါင်း (၁၆)နေရာတို့တွင် တပြိုင်နက်တည်း ဆောင်ရွက်သွားမှာ ဖြစ်သည့်အတွက် ထိုသို့ ဆောင်ရွက်နေစဉ်အတွင်း လျှပ်စစ်မီးအန္တရာယ်ကင်းစေရန်အတွက် လျှပ်စစ်မီး ဖြတ်တောက်ရမှာဖြစ်ကြောင်း မြို့မီးလင်းရေးကော်မတီမှ သိရှိရသည်။