မီးလျှံကြားမှ အားမာန်​များ (သို့မဟုတ်) တာချီလိတ် မီးသတ်တပ်ဖွဲ့ ဖြစ်ပေါ်လာပုံ အကျဉ်း

မီးလျှံကြားမှ အားမာန်​များ (သို့မဟုတ်) တာချီလိတ် မီးသတ်တပ်ဖွဲ့ ဖြစ်ပေါ်လာပုံ အကျဉ်း
ဧပြီ 25, 2015
By Tachileik News Agency

လွန်ခဲ့သည့် ၁၉၈၂ ခုနှစ်က အရန်မီးသတ်တပ်ဖွဲ့အဖြစ် စတင် သန္ဓေတည်မွေးဖွားခဲ့သည့် တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းအား ယခုအခါ နိုင်ငံတော်အစိုးရ၏ အစီအမံဖြင့် ခေတ်မီ(၅)ယူနစ် မီးသတ်စခန်း အဆင့်သို့ တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့သာယာလှပရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၁၉၈၂ခုနှစ်တွင် အချိန်ပြည့် အရန် မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး ၊ တိုယိုတာ အမျိုးအစား မီးသတ်ယာဉ်တစ်စီးတို့ဖြင့် တာလော့ရပ်ကွက် သရဖီလမ်းတွင် မီးသတ်ဌာနအား စတင် တည်ထောင်ဖွဲ့စည်းခဲ့ကာ မြို့သာယာလှပရေးကော်မတီ ဥက္ကဌ ဦးကြင်ယုမှ အနီးကပ်ကြီးကြပ်ကာ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်အတူ လူမှုရေး လုပ်ငန်းများကိုပါ စေတနာ့ ၀န်ထမ်းဆောင်ရွက် ပေးခဲ့ကြပြီး ၁၉၈၉ခုနှစ်တွင် တာလော့ရပ်ကွက် (ယခု-မြန်မာ့လေကြောင်းရုံးနေရာ)သို့ ပြောင်းရွှေ့ခဲ့သည်။

ထိုမှတဖန် ဆန်ဆိုင်း(ခ)ရပ်ကွက် ရှမ်းရိုးမကုန်တိုက်ဘေး ( ယခု  Relax စားသောက်ဆိုင် နေရာသို့ ၁၉၉၂ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ကာ သန္ဓေမီးသတ်တပ်ဖွဲ့စခန်း အဆင့်သို့ တိုးမြှင့် ဖွဲ့စည်း နိုင်ခဲ့ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၇)ဦး ၊ ကိုယ့်အားကိုယ်ကိုး မီးသတ်တပ်ဖွဲ့ဝင် (၅)ဦး ၊ မီးသတ်ယာဉ် (၂) စီးဖြင့် မီးသတ်လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် (၃)ယူနစ် မီးသတ်စခန်းအဖြစ် ထပ်မံ အဆင့်တိုးမြှင့်ခဲ့ကာ မီးသတ်ယာဉ် (၃)စီး ၊ တပ်ဖွဲ့ဝင် (၉)ဦးဖြင့် ယခုလက်ရှိ ဆန်ဆိုင်း(ခ)ရပ်ကွက် အားကစားရုံလမ်းသို့ ပြောင်းရွှေ့ခဲ့သည်။

၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း တစ်ထောင်ခြောက်ရာကိုးဆယ် ဖြင့် ၆၅ ပေ × ၅၂ ပေ× ၂၆ ပေ ရှိ ၂ ထပ် မီးသတ် အဆောက်အအုံအား လည်းကောင်း ၊ ကျပ်သိန်း လေးရာ့ငါးဆယ် ဖြင့် ၆၀ပေ × ၃၀ ပေ× ၁၂ ပေ တစ်ထပ် (လူပျိုဆောင်) တို့အား တည်ဆောက်ပေးခဲ့ကာ တပ်ဖွဲ့ဝင် အင်အား (၁၉) ဦး ၊ မီးသတ်ယာဉ် (၅)စီးဖြင့် (၅)ယူနစ် မီးသတ်တပ်ဖွဲ့စခန်းအဆင့်သို့ တိုးမြှင့်ပေးခဲ့သည်။

တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုများကြောင့် နိုင်ငံတော်မှ ၁၉၉၆ ခုနှစ်တွင် ရဲသူရဘွဲ့ရ (၁)ဦး ၊ ရဲဗလဘွဲ့ရ (၃) ဦး ၊ ရဲကျော်စွာဘွဲ့ရ (၂) ဦး ချီးမြှောက်ခဲ့သည်။

စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့မှသည် သန္ဓေတပ်ဖွဲ့ စခန်းဆီသို့ စေတနာအရင်းခံကာ အဆင့်ဆင့် တည်ထောင်ခဲ့သည့် တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့စခန်း၏ ခန့်ညားထည် ၀ါလှသော (၅)ယူနစ် မီးသတ်စခန်းသစ်ကြီးအား မကြာမီတွင် ကျရောက်တော့မည့် (၆၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့တွင် စတင် ဖွင့်လှစ်တော့မည်ဖြစ်ပါကြောင်း ၀မ်းမြောက်စွာဖြင့် ဂုဏ်ပြု ရေးသားလိုက်ရပါသည်။

ဆောင်းပါး။   ။ မောင်ယဉ်ကျေး

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~