ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်အတွင်း ကျိုင်းလပ်မြို့တွင် တည်ဆောက် ပြီးစီးနေပြီ ဖြစ်သော မြန်မာ - လာအို ချစ်ကြည်ရေးတံတားအား ၂၀၁၅ခုနှစ် မေလ(၈)ရက်နေ့တွင် စတင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
ခံနိုင်ဝန်(၇၅)တန်ရှိပြီး အရှည် (၆၉၁.၆)မီတာ ရှည်လျားသည့် မြန်မာ - လာအို ချစ်ကြည်ရေးတံတားကို ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး နှစ်နှစ်ကျော် အကြာ တည်ဆောက်ခဲ့ရသည့် အဆိုပါတံတားကို စတင်အသုံးပြုနိုင်မည့် အနေဖြင့်၂၀၁၅ခုနှစ် မေလ (၈)ရက်နေ့တွင် မြန်မာ-လာအို နှစ်နိုင်ငံ အကြီးအကဲများမှ လာရောက်၍ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း ဒေသ အကြီးအကဲများထံမှ သိရသည်။
"ကျွန်တော်တို့ အနေနဲ့ စီးပွားရေးအရ တွက်ကြည့်မယ်ဆိုရင် လတ်တလောပေါ့၊ မြန်မာဘက်ရော၊ လာအိုဘက်ရော ပို့ကုန်သွင်းကုန် တိတိကျကျ ရှိဦးမှာ မဟုတ်ဘူး၊ တရုတ်ဘက်က ပစ္စည်းတွေ ၀င်လာဖို့ပဲ ရှိလိမ့်မယ်၊ မြန်မာဘက်ကတော့ ဆန်တို့၊ ဖရဲသီးတို့လောက်တော့ လာအိုဘက်ကို ပို့ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်"ဟု ကျိုင်းလပ်မြို့တွင် မြေကွက်ဝယ်ယူထားသူ တာချီလိတ်ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
"ဒီတံတားကြီး ဆောက်လုပ်ပြီးစီးသွားပြီဆိုတော့ ကောင်းတာပေါ့၊ ကျွန်တော်တို့မြို့လည်း နောက်ဆိုရင် တော်တော် တိုးတက် စည်ကားလာမယ်လို့ ယူဆရတယ်၊ တာချီလိတ်က စီးပွားရေးသမားတွေလည်း မြေကွက်တွေ အလုအယက် လာဝယ်ကြတော့ လောလောဆယ် ကျွန်တော်တို့အတွက် မြေကွက် အရောင်းအ၀ယ်ကတော့ အလုပ်ဖြစ်နေတယ်.."ဟု ကျိုင်းလပ်မြို့နေ ဒေသခံတစ်ဦးမှ ပြောသည်။
တာချီလိတ်ခရိုင်အတွင်း၌ ချစ်ကြည်ရေး တံတားများ အနေဖြင့် မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား (၂)စင်း နှင့် မြန်မာ - လာအို ချစ်ကြည်ရေး တံတားအနေဖြင့် ယခုဖွင့်လှစ်မည့် တံတားအပါအ၀င် ချစ်ကြည်ရေး တံတား (၃)စင်းရှိပြီဖြစ်သည်။
သတင်း။ ။ ကိုဇောင်း