KBZ mini Bank တစ်ခု တာချီလိတ် မြို့မဈေးအတွင်း တိုးချဲ့ဖွင့်လှစ်ထားရှိ

KBZ mini Bank တစ်ခု တာချီလိတ် မြို့မဈေးအတွင်း တိုးချဲ့ဖွင့်လှစ်ထားရှိ
မေ 13, 2015
By Tachileik News Agency

တာချီလိတ်မြို့ပေါ်တွင် အမည်မတူ ဘဏ်လုပ်ငန်း (၆)ခုရှိပြီး ဘဏ်ခွဲများနှင့် အသေးစားဘဏ်များ စုစုပေါင်း (၉)ဘဏ်မြောက်အဖြစ် KBZ mini Bank ကို တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အတွင်းရှိ မြို့မဈေး၏ ပထမအထပ်တွင် ဖွင့်လှစ်ထားရှိသည်။

တာချီလိတ်မြို့တွင် ကမ္ဘောဇဘဏ် လီမိတက်အနေဖြင့် တာလော့ရပ်ကွက်၌ ဘဏ်ခွဲ(၁) နှင့် မယ်ခေါင်ရပ်ကွက်တွင် ဘဏ်ခွဲ(၂)အဖြစ် ဖွင့်လှစ်ထားရှိပြီးနောက် ၂၀၁၄ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့က စတင်ကာ တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်အတွင်း ဘဏ်အသေးစား ဖြစ်သည့် KBZ mini Bank ကို ဖွင့်လှစ်ထားရှိပြီး၊ ၂၀၁၅ခုနှစ် မေလ(၄)ရက်နေ့က မြို့မဈေး၏ ပထမအထပ်တွင် KBZ mini Bank ကို ထပ်မံ၍ တိုးချဲ့ဖွင့်လှစ်ထားရှိရာ တာချီလိတ်မြို့၌ ကမ္ဘောဇဘဏ်ခွဲ (၂)ခု ကမ္ဘောဇဘဏ် အသေးစား ဘဏ်(၂)ခု စုစုပေါင်း ကမ္ဘောဇဘဏ်(၄)ခု ရှိလာပြီဖြစ်သည်။

မြို့မဈေး၏ ပထမအထပ်တွင် ဖွင့်လှစ်ထားရှိသည့် KBZ mini Bank၌ ငွေသွင်း၊ ငွေလွှဲ နှင့် ငွေထုတ်ယူမှုများကို ဆောင်ရွက်နိုင်ကြောင်း နှင့် ယခုဖွင့်လိုက်သော KBZ mini Bankသည် တာလော့ရပ်ကွက်တွင် ဖွင့်လှစ်ထားရှိသော KBZ Bank (1)၏ အသေးစားဘဏ်ဖြစ်ကြောင်း  သိရသည်။

မြို့မဈေးအတွင်း ATM စက်တပ်ဆင်မှု ရှိမရှိနှင့် ပတ်သက်၍ "အခုလောလောဆယ်တော့ မစီစဉ်ရသေးဘူး၊ ATM စက်ကနေ ငွေထုတ်ချင်သူများလာတဲ့ အခါမျိုးနဲ့ ဈေးစည်ကားပြီး ကာစတန်မာ တောင်းဆိုမှုများတဲ့ အခါဆိုရင် ချက်ချင်းလုပ်ဖြစ်မှာပါ.."ဟု KBZ Bank (1)၏ မန်နေဂျာ ဒေါ်ဇင်မင်းသန့်မှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း၌ မြန်မာ့စီးပွားရေးဘဏ်၊ KBZ Bank (1)၊ KBZ Bank (2)၊ KBZ mini Bank(၀ိန်းကျောက်)၊ ဧရာဝတီဘဏ်၊ AGD Bank၊ CB Bank နှင့် မြ၀တီဘဏ် စုစုပေါင်း ဘဏ် (၈)ခု ရှိပြီး ယခုထပ်မံဖွင့်လှစ်သည့် KBZ mini Bank(မြို့မဈေး) အပါအ၀င် ဘဏ်(၉)ခုရှိပြီဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~