ကျေးလက်ဒေသရှိ ကျွဲ/နွားများအား ကာကွယ်ဆေးများ ထိုးပေး

ကျေးလက်ဒေသရှိ ကျွဲ/နွားများအား ကာကွယ်ဆေးများ ထိုးပေး
မေ 14, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ စီစဉ် ကြီးကြပ်မှုဖြင့် မြို့နယ် အတွင်းရှိ ကျေးလက်ဒေသတွင် တိရစ္ဆာန်မွေးမြူမှုဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ မေလ (၁၄)ရက်၊ နံနက်(၇)နာရီ က မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ပိန်းညောင် ကျေးရွာ၌ ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာသို့ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ တင့်တင့်လွင် ဦးဆောင်ပြီး
တာလေမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်တိရစ္ဆာန်ဆေးကုမှူး ဦးလော်ဒါး နှင့် အဖွဲ့ဝင်များသည် ပိန်းညောင်ကျေးရွာရှိ ကျွဲ၊ နွားကောင်ရေ (၈၀)ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ထို့အတူ မေလ (၁၁)ရက်နေ့က မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဟွေလုကျေးရွာ၌ ကျွဲ ၊ နွားအကောင်ရေ (၆၃)ကောင်ကို ထိုးနှံပေးခဲ့သည်။

ဆက်လက်၍ မြို့နယ်အတွင်း ကျေးရွာအုပ်စု(၇)အုပ်စုမှ ကျေးရွာများသို့လည်း ကွင်းဆင်း ထိုးနှံပေးမည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေ၏ ပြောကြားချက်အရ သိရသည်။

ယင်းကဲ့သို့ တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးခြင်း၊ အိမ်တိုင်ရာရောက် စနစ်ကျသော မွေးမြူနည်းပညာများ လက်တွေ့ အသိပညာပေး ရှင်းလင်းဆွေးနွေးပေးသဖြင့် ကျေးရွာနေ တိုင်းရင်းသား ပြည်သူများ အကျိုးကျေးဇူး တိုးတက်ရရှိ၍ ၀မ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကြောင်း သိရသည်။

သတင်း ။  ။ ဝေယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ကြော်ငြာ ~~~~~~~