BBoy အက ပြိုင်ပွဲကို တာချီလိတ်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပ

BBoy အက ပြိုင်ပွဲကို တာချီလိတ်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပ
မေ 15, 2015
By Tachileik News Agency

ရှမ်းပြည်နယ်တွင် ပထမဆုံး အကြိမ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒုတိယမြောက်ဖြစ်သည့် BBoy အက ပြိုင်ပွဲကို ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့၌ The Game Vol.1, Dance Battle, အမည်ဖြင့် ကျင်းပပြုလုပ်ရာ ဒေသခံ BBoy အက ၀ါသနာရှင် လူငယ်(၂၈)ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအား ၀ါသနာရှင် လူငယ်များမှ လာရောက် အားပေးခဲ့ကြသည်။

ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သူ (၂၈)ဦးထဲမှ ဇကာတင်(၁၆)ဦးအား ရွေးချယ်ပြီး၊ ထိုအထဲမှ ဇကာတင် (၈)ဦးအား ရွေးချယ်ကာ ယှဉ်ပြိုင်စေပြီး ဇကာတင် (၈)ဦးထဲမှ ထွက်ပေါ်လာသည့် (၄)ဦးအား ယှဉ်ပြိုင်စေသည်။ ဆက်လက်၍ ဇကာတင်(၄)ဦးထဲမှ ထွက်ပေါ်လာသည့် (၂)ဦးအား ဗိုလ်လုပွဲအဆင့်တွင် ယှဉ်ပြိုင်စေပြီး ပထမ နှင့် ဒုတိယဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။

ပြိုင်ပွဲ၌ ဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ပထမဆု၊ ဒုတိယဆု အပြင် လူငယ်များထဲမှ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဆု နှင့် သက်ကြီး အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဆု အဖြစ် ဆု(၄)ဆုကို ရွေးချယ်ကာ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပထမဆု ရရှိသူ Mizzima Crew အဖွဲ့မှ မောင်အောင်အောင်အား ထိုင်းဒိုင်အဖွဲ့မှ အမှတ်တရဒိုင်းဆုကို ပေးအပ်ချီးမြှင့်ပြီး တာချီလိတ်သတင်းအေဂျင်စီမှ ကိုဇောင်းက ငွေသားဆုကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ဒုတိယဆု ရရှိသူ စိုင်းတစ်နှင့်၊ လူငယ်များထဲမှ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဆုကို ရရှိသူ မောင်လင်းခိုင်မြတ် အပါအ၀င် သက်ကြီး အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဆုကို ရရှိသည့် မောင်အောင်သူနိုင်တို့အား ထိုင်းဒိုင်အဖွဲ့မှ အမှတ်တရ ဆုများပေးအပ်ချီးမြှင့်သည်။

ပြိုင်ပွဲတွင် ဆုများ အသီးသီးရရှိသူများကို ပြိုင်ပွဲဖြစ်ရေးအတွက် အဓိက ပံ့ပိုးကူညီသည့် Lactasoy နှင့် ရွှေဝင်းဖြိုးကုမ္ပဏီမှ ကိုရဲရင့်ကိုကိုက ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ချီးမြှင့်သည်။

တဆက်တည်းမှာပင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ ပထမဆု နှင့် ဒုတိယဆု ရရှိသူ နှစ်ဦးအတွက် ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေများကို ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစာဆရာများ အသင်း ဥက္ကဌ ဦးအောင်ဖြိုးရှိန် နှင့် CNCMC ကော်မတီဝင် ဦးစည်သူမောင်တို့က တဆင့် ပေးအပ်ချီးမြှင့်ပြီး မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ ပထမဆုရရှိသူအား ဘတ်(၂၀၀၀)ပေးအပ်ချီးမြှင့်သည်။

"အခုခေတ်လူငယ်လေးတွေအတွက် ဒီလိုပြိုင်ပွဲတွေ လုပ်ပေးတာ အရမ်းကောင်းတယ်၊ မူးယစ်ဆေးဝါး သုံးစွဲတဲ့ဘက်တွေကိုလည်း ခြေဦးမလှည့်နိုင်တော့ဘူး၊ နောက်လည်း ဆက်လက်ကျင်းပသွားနိုင်ရင် လူငယ်လေးတွေအတွက် မျှော်မှန်းချက်တွေ ပြောင်းလဲလာမယ်၊ ကောင်းတဲ့လမ်းတွေကို ဦးတည်လာနိုင်တယ်.."ဟု ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုသူ အသက်(၅၀)ကျော် အမျိုးသားတစ်ဦးက ဆိုသည်။

"ကျွန်တော်တို့ကတော့ ဒီပွဲမှာ ဆုရလိုစိတ်နဲ့ ၀င်ပြိုင်တာတော့ မဟုတ်ပါဘူး၊ ပြိုင်ပွဲ အတွေ့အကြုံ ရှိအောင်နဲ့ အကပညာ တိုးတက်ချင်လို့ ၀င်ပြိုင်တာပါ"ဟု ပြိုင်ပွဲဝင် လူငယ်တစ်ဦးက ပြောသည်။

ယခုပြိုင်ပွဲသို့ ထိုင်းနိုင်ငံ ချင်းရိုင်းမြို့မှ BBoy အက ပညာရှင်များမှ လာရောက်ကာ အမှတ်ပေးဒိုင်များအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ကြပြီး ဒေသခံ လူငယ်(၂၈)ဦးမှ တက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ယခုပြိုင်ပွဲအား တာချီလိတ်သတင်းအေဂျင်စီ၊ Lactasoy နှင့် ရွှေဝင်းဖြိုးကုမ္ပဏီတို့မှ ပူးပေါင်း စီစဉ်တင်ဆက်တာဖြစ်ပြီး ပြိုင်ပွဲ၏ ကုန်ကျမှုမှာ ကျပ်(၁၀)သိန်းကျာ် ကုန်ကျပြီး ယခုလိုပွဲမျိုးကို ၂၀၁၅ခုနှစ် ဒီဇင်ဘာလအတွင်း The Game Vol.2 အနေဖြင့် ဆက်လက်ကျင်းပသွားရန် အစီအစဉ်များရှိသည်။

ပုံများကိုကြည့်ရန်
BBoy အက ပြိုင်ပွဲကို တာချီလိတ်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~