ရှမ်းအရှေ့ဒေသ HIV ဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ တာချီလိတ်၌ ပြုလုပ်ခဲ့

ရှမ်းအရှေ့ဒေသ HIV ဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ တာချီလိတ်၌ ပြုလုပ်ခဲ့
မေ 16, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တာချီလိတ်မြို့တွင် မေလ(၁၅)ရက်နေ့က  HIV တိုက်ဖျက်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးပွဲကို ကျင်းပခဲ့ရာ NGO/INGO များနှင့် မြန်မာနိုင်ငံ HIV နှင့်နေထိုင်သူများ (MPG)အဖွဲ့မှ တက်ရောက်၍ တာချီလိတ်ခရိုင်အတွင်း HIV တိုက်ဖျက်ရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က HIVပိုးကို ရန်ကုန်မှာ စတင်စစ်ဆေးပြီး၊ တွေ့ရှိခဲ့သူက တာချီလိတ်မြို့က ဖြစ်နေတယ်၊ တာချီလိတ်မှာ ၁၉၉၀ ခုနှစ်က လာစစ်ဆေးတော့ အယောက် (၈၀၀)လောက်ကို တွေ့ရတယ်၊ တကယ်ကို အန္တရာယ်ရှိတဲ့ အခြေအနေ၊ ဒါကြောင့် တာချီလိတ်ကို Pilot ဧရိယာလို့ သတ်မှတ်ပြီး စီမံချက်နဲ့ တိုက်ဖျက်ခဲ့တာ ခေတ်အဆက်ဆက်က အုပ်ချုပ်ရေးပိုင်းဆိုင်ရာကလဲ ကူညီပံ့ပိုးပေးလို့ တော်တော်ကောင်းပါတယ်..”ဟု ASG အဖွဲ့၏ ဒါရိုက်တာ ဒေါက်တာမြင့်အောင်မှ ပြောသည်။

တာချီလိတ်မြို့ National AIDS Program မှ တာဝန်ခံ ဒေါက်တာနန်းမိုမိုခမ်းမှ တာချီလိတ်တွင် HIV ပိုး ကူးစက်သူများ သားဆက်ခြားခြင်းဆိုင်ရာ အသိပညာ အားနည်းလျှက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ်တွင် လူဦးရေ (၁၂၀)အား ART ပေးဝေနိုင်ခဲ့သလို ယခုလက်ရှိတွင် လူဦးရေ (၂၂၀)အား ပေးဝေနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း (၂၅၀)ထိ ပေးဝေနိုင်အောင် Target ထား၍ ဆောင်ရွက်လျှက်ရှိကြောင်း နှင့် လိင်လုပ်ငန်း လုပ်ကိုင်သူများ VCCT သွေးဖေါက်ခြင်းအား ခက်ခဲလျှက်ရှိကြောင်း ပြောကြားခဲ့သည်။

တာချီလိတ် International Malteser(INGO)မှ တာဝန်ခံ မန်နေဂျာ ဒေါက်တာဖြိုးဝေမှ HIV နှင့် ပတ်သက်သော ပညာပေး လုပ်ငန်းများအား မြို့ပေါ်တွင် လုပ်ဆောင်နိုင်သော်လည်း ဝေးလံသော ကျေးရွာများတွင် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း၊ Malteser အဖွဲ့အစည်းမှ ၂၀၁၅ ခုနှစ်အထိ ART ဆေး ပေးဝေထားရှိမှုမှာ လူဦးရေ (၅၀၀)ခန့်ရှိကြောင်း ပြောကြခဲ့သည်။

တက်ရောက်လာသော NGO/INGO အဖွဲ့အစည်းများမှ ၀န်ဆောင်မှု ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးပြီးနောက်  ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသဆိုင်ရာ MPG ကွန်ယက်ကော်မတီအား တာချီလိတ်မြို့တွင်  HIV ပိုးကူးစက်ခံထားရသူများမှ သက်ဆိုင်ရာ ကိုယ့်အားကိုယ်ကိုး အဖွဲ့အစည်းများ တက်ရောက်၍ ဖွဲ့စည်းခဲ့ပြီး HIV တိုက်ဖျက်ရေးနှင့် ပိုးကူးစက်ခံထားရသူများအား အချင်းချင်း ပြန်လည်စောင့်ရှောက်နိုင်ရေးအတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“MPG ကတော့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ဆောင်မှုတွေမှာ ကိုယ်စားပြု ပါဝင်နိုင်ဖို့ နိုင်ငံလုံးဆိုင်ရာ အဆင့်နဲ့ နိုင်ငံတကာ အခြေအနေထိ ပိုးကူးစက်ခံထားရသူများ ပါဝင်နိုင်ခွင့်နဲ့ ပိုးကူးစက်ခံရသူတွေ အလုပ်အကိုင် ရရှိဖို့အတွက် MPG က Project တွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ (၁၅)နေရာမှာ ရုံးခွဲတွေ ဖွင့်လှစ်ပြီးပါပြီ၊ ၀န်ထမ်းအားလုံးဟာ ပိုးကူးစက်ခံထားရသူတွေပါ ၀န်ထမ်းပေါင်း(၁၀၀)ကျော်နဲ့ လည်ပတ်လျှက်ရှိပါတယ်”ဟု MPG ဥက္ကဌ ဦးမျိုးသန့်အောင်မှ ပြောသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~