ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ (၈)ခုမြောက်အဖြစ် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(တာချီလိတ်ခရိုင်)ရုံးခွဲကို ယနေ့ မေလ(၁၆)ရက် နံနက်ပိုင်းက တာချီလိတ်မြို့ရှိ Golden Cherry Hotel တွင် အသင်းသားစုံညီ ညီလာခံပြုလုပ်ပြီး အသင်းအား အောင်မြင်စွာ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (တာချီလိတ်ခရိုင်)ရုံးခွဲကို ဖွဲ့စည်းရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဌ ဦးဝင်းခိုင်နှင့် ဗဟိုကော်မတီဝင်များ၊ ကျိုင်းတုံ နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ၊ အင်ဂျင်နီယာများ အပြင် ထိုင်းနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဌ ဦးဝင်းခိုင်က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတွင် အင်ဂျင်နီယာများနှင့် အင်ဂျင်နီယာကျောင်းသားများ အပါအ၀င် စုစုပေါင်း အသင်းသား (၄၆၀၀၀)ရှိကြောင်း နှင့် အင်ဂျင်နီယာများ မှတ်ပုံတင်ရေးကိစ္စများ နှင့် မျိုးဆက်သစ် အင်ဂျင်နီယာများ အသင်းဝင်ရောက်နိုင်ရေး စသည့်တို့ဖြင့် အင်ဂျင်နီယာများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသွားသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အထွေထွေ အတွင်းရေးမှူး ဒေါ်စီသန်းမှ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအား နည်းဥပဒေများထွက်ရှိပြီး ၂၀၁၅ခုနှစ် နိုဝင်ဘာလအတွင်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း၊ အဆိုပါ ကောင်စီတွင် အသင်းသား (၂၅၃)ဦးရှိကြောင်းနှင့် ယင်းကောင်စီနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
တာဝန်ရှိသူများမှ သက်ဆိုင်ရာအလိုက် အင်ဂျင်နီယာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(တာချီလိတ်ခရိုင်)ရုံးခွဲ၏ ဗဟိုကော်မတီဝင်များ နှင့် အသင်းဝင်များ စာရင်းကို ကြေငြာပြီးနောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဌမှ တာချီလိတ်ရုံးခွဲ၏ အမည်စာရင်းများကို တဆက်တည်း အတည်ပြုပေးခဲ့သည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (တာချီလိတ်ခရိုင်)ရုံးခွဲတွင် ဥက္ကဌ အဖြစ် ဦးမြင့်ဦး(မုတ်ဆိတ်)၊ ဒုတိယဥက္ကဌ(၁) အဖြစ် ဦးထိန်မင်း၊ ဒုတိယဥက္ကဌ(၂) အဖြစ် ဦးအေးချို၊ ဒုတိယဥက္ကဌ(၃) အဖြစ် ကျိုင်းတုံ နည်းပညာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး ကိုယ်စား ဆရာမ ဒေါက်တာဒေါ်နီနီမိုးကျော်၊ အတွင်းရေးမှူး အဖြစ် ဒေါ်ဝေေ၀ကြည်၊ တွဲဖက်အတွင်းရေးမှူး (၁)အဖြစ် ဦးလှမျိုး၊ တွဲဖက်အတွင်းရေးမှူး (၂)အဖြစ် ဦးဇေယျာလင်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးနေ၀င်း နှင့် ဒေါ်နှင်းအိဇာ၊ အကျိုးဆောင် စာရင်းစစ်အဖြစ် ဒေါ်ဖြူဖြူအောင် နှင့် ဦးလှမြင့်ထွန်း၊ ပြန်ကြားရေးမှူးအဖြစ် ဦးကောင်းထင်အောင် တို့မှ တာဝန် အသီးသီးရယူပြီး အသင်းဝင်များအဖြစ် ဦးကျော်ကျော်လွင်၊ ဦးမြင့်သိန်းထွန်း၊ ဦးကောင်းဇော်သူ၊ ဦးစောဂျိမ်းကြီးငွေ၊ ဒေါ်စိမ့်စိမ့်ထူး၊ ဒေါ်စုထက်ခင်၊ ဒေါ်သီတာစိုး၊ ဦးအေးချမ်းမိုး၊ ဦးစိုင်းမင်းပြည့်သူ၊ ဦးအောင်သူလင်း နှင့် ဦးကျော်ညီညီထွန်းတို့ ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (တာချီလိတ်)အား အလုပ်အမှုဆောင်အဖွဲ့ဝင်အပါအ၀င် အသင်းသား၊ အသင်းသူ စုစုပေါင်း (၂၁)ဦးဖြင့် ဖွဲ့စည်းထားရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (တာချီလိတ်ခရိုင်)ရုံးခွဲမှ သိရသည်။
"မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရုံးခွဲများ အနေနဲ့ သက်ဆိုင်ရာ ဒေသတွေမှာ ဖွဲ့စည်းမယ်ဆိုရင်၊ အဲ့ဒီဒေသမှာ အင်ဂျင်နီယာနဲ့သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေ ရှိရမှာဖြစ်သလို၊ TU တက္ကသိုလ်လည်းရှိရပါမယ်၊ EC ဖွဲ့ရင်လည်း အနည်းဆုံး အသင်းသား(၂၀)ရှိမှ ဖွဲ့စည်းလို့ရမှာပါ၊ အခု တာချီလိတ်ခရိုင်ကတော့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရဲ့ (၈)ခုမြောက်ပါ.."ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဝင်းမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
"မေလ(၃၀)နဲ့(၃၁)ရက်နေ့တွေမှာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (ဧရာဝတီတိုင်းဒေသကြီး) ရုံးခွဲကို ဖွင့်လှစ်ဖို့ရှိပါတယ်၊ အဲ့ဒီအပြင် မြစ်ကြီးနားမှာလည်း ပြည်နယ်ရုံးခွဲ နဲ့ ရှမ်းမြောက်က လာရှိုးမှာလည်း လာရှိုးခရိုင်ရုံးခွဲ ဖွင့်လှစ်ဖို့ရှိပါတယ်..."ဟု ၎င်းမှ ဆက်လက်ပြောပြသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ခရိုင်များတွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိရာ မန္တလေးတိုင်းဒေသကြီးရုံးခွဲ၊ နေပြည်တော်ရုံးခွဲ၊ တောင်ကြီးရုံးခွဲ၊ ပြည်ရုံးခွဲ၊ မုံရွာရုံးခွဲ၊ မော်လမြိုင်(မွန်+ကရင်)ရုံးခွဲ၊ မကွေးတိုင်းဒေသကြီးရုံးခွဲ နှင့် တာချီလိတ်ခရိုင်ရုံးခွဲတို့ကို ဒေသခံ အင်ဂျင်နီယာများဖြင့် ဖွဲ့စည်းထားရှိပြီး ဆက်လက်၍လည်း ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ် မြစ်ကြီးနား နှင့် လားရှိုးတို့တွင်လည်း ဖွင့်လှစ်သွားရန်ရှိကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ သိရသည်။