ထိုင်းနိုင်ငံသို့ အလုပ်အကိုင် ရှာဖွေပေးမည်ဟု ပြောဆို ငွေတောင်းပြီး ခေါ်ဆောင်လာသူ နှစ်ဦးအား တာချီလိတ်၌ ဖမ်းမိ

ထိုင်းနိုင်ငံသို့ အလုပ်အကိုင် ရှာဖွေပေးမည်ဟု ပြောဆို ငွေတောင်းပြီး ခေါ်ဆောင်လာသူ နှစ်ဦးအား တာချီလိတ်၌ ဖမ်းမိ
မေ 16, 2015
By Tachileik News Agency

ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရှာဖွေပေးမည်ဟုပြောဆို စည်းရုံးကာ ငွေတောင်းခံပြီး ခေါ်ဆိုလာသူများအား တာချီလိတ်မြို့တွင် (၂)ရက်ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှသိရသည်။

မေလ (၁၄)ရက်နေ့ (၁၅း၀၀)နာရီခန့်က တာချီလိတ်လေဆိပ်တွင် လားရှိုးမှ လိုက်ပါစီးနင်းလာသူများထဲမှ မသင်္ကာသူ (၃)ဦးအား လေဆိပ်၌ တာဝန်ကျနေသော တာချီလိတ် လူကုန်ကူးရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးကျော်သိန်းက စိစစ်တွေ့ရှိရာ ထပ်မံ၍ စစ်ဆေးရန်အတွက် ၎င်းတို့ (၃)ဦးအား လူကုန်ကူးတား ဆီးနှိမ်နင်းရေးရုံးသို့ ခေါ်ဆောင် စစ်ဆေးခဲ့ရာ စိုင်းဝင်းလျန်ဆိုသူမှ တစ်ဦးလျှင် ကျပ်(၅)သိန်းဖြင့် ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင် ရှာဖွေပေးမည်ဟုဆိုကာ ခေါ်ဆောင် လာခြင်းဖြစ်ကြောင်း သိရပြီး တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၉၉/၂၀၁၅ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ(၂၆)ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ထိုနည်းတူ မေလ(၁၅)ရက်နေ့တွင်လည်း လူတစ်ဦးလျှင် ကျပ်(၄)သိန်း(၅)သောင်းဖြင့် တပ်ကုန်းမြို့နေသူ(၂)ဦးအား ထိုင်းနိုင်ငံတွင်း အလုပ်အကိုင်ရှာဖွေပေးမည့်ဟု ပြောဆိုစည်းရုံး၍ ခေါ်ဆောင်လာသူ(၁)ဦးအား မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးတွေ့ရှိသဖြင့် တာချီလိတ်ရဲတပ်ဖွဲ့စခန်း (ပ)၁၀၀/၂၀၁၅ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ(၂၆)ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။

“ပြည်တွင်းက လူတွေကို ငွေကြေးယူပြီး အလုပ်အကိုင်ရှာဖွေပေးမယ်လို့ လိမ်ညာခေါ်လာတာတွေပါ အခုထိုင်းနိုင်ငံတွင်းမှာလည်း တရားမ၀င်လမ်းကြောင်းတွေကို အစစ်အဆေးများတယ်၊အလုပ် ရှာပေးမယ်ဆိုတိုင်း မလိုက်လာသင့်ဘူး ဒုက္ခရောက်သွားနိုင်တယ်”ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲစခန်းမှူး ဒုရဲမှူး ကျော်သန်းမှပြောသည်။

အလုပ်အကိုင်ရှာဖွေပေးမည်ဟု ပြောဆိုတိုင်း မယုံကြည်သင့်ကြောင်း ထိုင်းနိုင်ငံတွင်း လူမှောင်ခိုမှုများ ဆက်တိုက် ဖေါ်ထုတ်နေသည့်အတွက် ငွေဆုံးရှုံးယုံသာရှိကြောင်း၊ အလုပ်အကိုင် ရရှိရန် မသေချာကြောင်း၊တရားမ၀င်လမ်းကြောင်းမှ သွားသူအများစုမှာ လမ်းတွင် ဖမ်းဆီးခြင်းခံရပြီး နေရပ်ပြန်လည် ပို့ဆောင်ပေးခံရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ငွေဆုံး အချိန်ကုန်သာဖြစ်မည်ဖြစ်သဖြင့် ထိုင်းနိုင်ငံတွင်းသို့ သွားရောက်မည့်သူများ ဆင်ခြင်သင့်ကြောင်း ၎င်းမှပြောကြားခဲ့သည်။

ပြည်ပတွင် အလုပ်အကိုင် ရှာဖွေပေးခြင်းအား တရားဝင် အလုပ်အကိုင် ရှာဖွေပေးသော အေဂျင်စီ ကုမ္ပဏီများသာ လုပ်ကိုင်ခွင့်ရှိပြီး အလုပ်အကိုင်ရှာဖွေပေးမည်ဟု ပြောဆိုစည်းရုံး၍ ငွေကြေး တောင်းဆို၍ ပြည်ပသို့ တရားမ၀င်လမ်းကြောင်းဖြင့် ပို့ဆောင်ခြင်းသည် ပြစ်မှုမြောက်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~