ဈေးကော်မတီပြန်လည် ဖွဲ့စည်းရာတွင် အများအကျိုး ကြည့်သူများကိုသာ ဈေးသည်များမှ လိုလား

ဈေးကော်မတီပြန်လည် ဖွဲ့စည်းရာတွင် အများအကျိုး ကြည့်သူများကိုသာ ဈေးသည်များမှ လိုလား
မေ 17, 2015
By Tachileik News Agency

တာချီလိတ်မြို့မ (၀မ်ကောင်း)ဈေးအား အဆင့်မြှင့်တင် တည်ဆောက်ပြီးနောက် ဈေးကော်မတီအသစ် ပြန်လည် ဖွဲ့စည်းရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သက်ဆိုင်ရာ ဆိုင်ခန်း နှင့် ဈေးခုံအလိုက် ဈေးသည်ကိုယ်စားလှယ် စုစုပေါင်း (၁၄)ဦး၏ အမည်စာရင်းများကို မေလ(၂၀)ရက်နေ့ နောက်ဆုံးထားကာ တောင်းခံထားရှိပြီး မဲစနစ်ဖြင့် (၇)ဦးအား အတည်ပြုပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ဈေးကော်မတီအား ရွေးချယ်ရာတွင် (၁၂'x၁၂')ဈေးဆိုင်ခန်းမှ ကိုယ်စားလှယ် (၂)ဦး၊ (၁၀'x၁၀') ဈေးဆိုင်ခန်းမှ ကိုယ်စားလှယ် (၂)ဦး၊ (၆' x ၃'x၆'')(၇၇)ခုံ ပျံကျဈေးသည် ကိုယ်စားလှယ် (၂)ဦး၊ (၅' x ၃'x၆'') ပျံကျဈေးသည် ကိုယ်စားလှယ် (၂)ဦး၊ (၄'x၃') သားငါးတန်း ပျံကျဈေးသည် ကိုယ်စားလှယ် (၂)ဦး၊ (၄'x၃') ပျံကျဈေးသည် ကိုယ်စားလှယ် (၂)ဦး နှင့် (၃'x၃') ပျံကျဈေးသည် ကိုယ်စားလှယ် (၂)ဦး စုစုပေါင်း (၁၄)ဦးကို ဈေးသည်များမှ ကနေဦး ရွေးချယ်၍ စည်ပင်သာယာရေးကော်မတီရုံးသို့ ပေးပို့ရမှာဖြစ်သည်။

"ဈေးသည်များက တင်သွင်းလာတဲ့ (၁၄)ဦးရဲ့ အမည်စာရင်းကို မဲစနစ်နဲ့ ပြန်ရွေးချယ်ပြီး (၇)ဦးကို ခန့်အပ်ပေးသွားမှာဖြစ်ပါတယ်.."ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

"မိမိတို့ရဲ့ သက်ဆိုင်တဲ့ ဆိုင်ခန်းတွေရဲ့ ကိုယ်စားလှယ်ကို သေသေချာချာ စိစစ်ရွေးချယ်ဖို့တော့လိုပါတယ်၊ ကိုယ်ကျိုးအတွက်ပဲ အဓိကထားကြည့်တဲ့ လူတွေကို မရွေးချယ်မိဖို့တော့လိုတာပေါ့.."ဟု မြေညီထပ်ရှိ ကုန်ပစ္စည်းများရောင်းချသည့် ဈေးသည်တစ်ဦးက ဆိုသည်။

"ဈေးသည်များအားလုံးနဲ့ တန်းတူရှိပြီး ဈေးစည်းကမ်းကိုလည်း အတူတကွ လိုက်နာတဲ့ သူများကိုပဲ ကျွန်မတို့ရဲ့ ကိုယ်စားပြုသူအဖြစ် တာဝန်ပေးစေချင်ပါတယ်.."ဟု အုတ်ခုံပျံကျဈေးသည် အမျိုးတစ်ဦးက ပြောသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ ကြော်ငြာ ~~~~~~~~~