အသက်(၆၀)ကျော် အဖွားအိုတစ်ဦးအား တဲအိမ်ထဲတွင် (၄)နှစ်ကြာ ကိုယ်လုံးတီးဖြင့် စွန့်ပစ်ထား

အသက်(၆၀)ကျော် အဖွားအိုတစ်ဦးအား တဲအိမ်ထဲတွင် (၄)နှစ်ကြာ ကိုယ်လုံးတီးဖြင့် စွန့်ပစ်ထား
မေ 20, 2015
By Tachileik News Agency

အသက်(၆၀)ကျော်ရှိပြီး အောက်ပိုင်း မလှုပ်ရှားနိုင်သော အဖွားအိုတစ်ဦးအား အ၀တ်မပါ ကိုယ်လုံးတီးဖြင့် (၄)နှစ်ခန့် တဲအိမ်အတွင်း ပစ်ထားမှုကြောင့် လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီထားကြောင်း သိရသည်။

“ကျွန်တော့်ကို အမျိုးသမီးတစ်ယောက်က ဖုန်းဆက်တာ အဖွားအိုတစ်ယောက်ကို ခြံဝန်းကြီးတစ်ခုထဲက တဲအိမ်တစ်လုံးထဲမှာ အ၀တ်မပါဘဲ ပစ်ထားတယ်ဆိုတာကိုပေါ့..”ဟု မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေမှပြောသည်။

အဘွားအိုအား အ၀တ်ကိုယ်လုံးတီးဖြင့် တဲအိမ်အတွင်း ပစ်ထားသည်မှာ (၄)နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ အဖွားအိုမှာ လေဖြတ်ထားသဖြင့် အောက်ပိုင်း လှုပ်ရှားနိုင်ခြင်းမရှိကြောင်း၊ အသင်းအား အကြောင်းကြား၍ သွားရောက်ကြည့်ရှုစဉ် အိပ်ယာပေါ်တွင် မစင်များဖြင့် ပြည့်နှက်လျှက်ရှိပြီး တဲမှာလည်း အမိုးအကာများ ကောင်းစွာ အုပ်မိုးထားခြင်း မရှိကြောင်း ၎င်းထံမှသိရသည်။

“ကျွန်မတို့ကို အကြောင်းကြားလို့ သွားကြည့်တာ ကိုယ်တုံးလုံးနဲ့ မစင်တွေကော အညစ်အကြေးတွေကော အားလုံးကို ရေဆေးပေးတယ်၊ ရေချိုးခေါင်းလျှော်ပေးခဲ့တယ်” ဟု မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းသူတစ်ဦးမှပြောသည်။

အဖွားအိုမှာ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက် အတွင်းရှိ စိုက်ပျိုးရေးခြံ တစ်ခုအတွင်း စွန့်ပစ်ထားခြင်းဖြစ်ကြောင်း အစားအစာများအား အသင်းမှ သွားရောက်ကျွေးမွေး၍ အပတ်စဉ် သန့်ရှင်းရေး သွားရောက်လုပ်ဆောင်ပေးလျှက်ရှိကြောင်းနှင့် တဲအိမ်အား ပြုပြင်ပေးပြီးဖြစ်ကြောင်း အသင်းသားများထံမှ သိရသည်။

“အဖွားရဲ့ အမျိုးသားက နောက်အိမ်ထောင်ပြုပြီး ဒီအဖွားကို တဲထဲမှာ စွန့်ပစ်ထားတယ်လို့ကြားတယ်၊ ထမင်းတော့သွားပို့တယ် လူတွေနေတဲ့ နေရာနဲ့ဝေးတာရယ် ချောင်ကျတာရယ်ကြောင့် တော်ယုံမသိနိုင်ဘူး ကျွန်မတို့လဲ ကြားတယ် ဒါပေမယ့် သွားမကြည့်ရဲဘူး..”ဟု ရပ်ကွက်တွင်းမှ မဇ္ဈိမလူမှုကူညီရေးအသင်းသို့ ဖုန်းဆက်သွယ် အကြောင်းကြားပေးသော မထားမှပြောသည်။

လူမှုရေးအသင်းမှ သွားရောက်ကြည့်ရှုပေးသဖြင့် အဖွားအို၏ အမျိုးသားမှာလဲ အစားအစာများ ပုံမှန်ကျွေးမွေးလျှက်ရှိကြောင်း နှင့် ယခုကဲ့သို့ လူတစ်ယောက်အား စွန့်ပစ်ထားသည်ကို အံ့သြမိကြောင်း ၎င်းမှပြောကြားသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~