BBoy အက လူငယ်များ၏ ဂုဏ်ပြု ညစာ စားပွဲ နှင့် ကပြဖျော်ဖြေပွဲကို ဗယ်လင်တိုင်း စားသောက်ဆိုင်တွင် ပြုလုပ်

BBoy အက လူငယ်များ၏ ဂုဏ်ပြု ညစာ စားပွဲ နှင့် ကပြဖျော်ဖြေပွဲကို ဗယ်လင်တိုင်း စားသောက်ဆိုင်တွင် ပြုလုပ်
မေ 21, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် မေလ(၁၅)ရက်နေ့က တာချီလိတ်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး အောင်မြင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့် The Game ၏ BBoy အက လူငယ်များအား ဂုဏ်ပြု အားပေးသည့် အနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)သတင်းစာဆရာများအသင်း နှင့် တာချီလိတ်မြို့ ဗယ်လင်တိုင်း+နိုင်းနိုင်း (ကဖေးနှင့်အအေး) စားသောက်ဆိုင် မိသားစုတို့မှ ဂုဏ်ပြု ညစာ စားပွဲနှင့် BBoy အကဖြင့် ကပြဖျော်ဖြေသည့် ပွဲအား မေလ(၂၀)ရက်နေ့ ည(၇း၃၀)နာရီအချိန်က တာချီလိတ်မြို့ ဘုရင့်နောင်ရုပ်တုရှေ့ရှိ ဗယ်လင်တိုင်း (ကဖေးနှင့်အအေး) စားသောက်ဆိုင်မှာပင် စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဂုဏ်ပြုညစာ စားပွဲ နှင့် ကပြဖျော်ဖြေပွဲတွင်  The Game Vol.1 တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် BBoy အကလူငယ်များ၊ BBoy အက ၀ါသနာရှင်များနှင့် လူကြီးလူငယ် အသီးသီးတို့မှ လာရောက်ကြသည့်အပြင် တာချီလိတ်မြို့နယ်​ အားကစားနှင့်​ကာယပညာ​ကော်​မတီဥက္ကဌ ဦးထွန်းထွန်းဝင်း နှင့် ဇနီး ဒေါ်အေးသန္တာကျော် မိသားစုတို့မှလည်း လူငယ်များအား လာရောက်အားပေးခဲ့ကြသည်။

ကပြဖျော်ဖြေရာတွင် မိုးများရွာသော်လည်း BBoy အက လူငယ်များမှ တစ်ဦးချင်းစီသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ပွဲပြီးမြောက်သည်အထိ ကပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါပွဲတွင် တာချီလိတ်မြို့နယ်​အားကစားနှင့်​ကာယပညာ​ကော်​မတီဥက္ကဌ ဦးထွန်းထွန်းဝင်း နှင့် ဇနီး ဒေါ်အေးသန္တာကျော် မှ (၅၀၀၀)ဘတ်၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ငြိမ်း + ဒေါ်နန်းခမ်းဆောင် မှ (၂၀၀၀)ဘတ်၊ မြို့နယ်အထောက်အကူပြုကော်မတီအဖွဲ့ဝင် ဦးမြင့်ဦး(မုတ်ဆိတ်)+ဒေါ်နန်းသောင်း မှ (၁၀၀၀)ဘတ်၊ မြို့နယ်အထောက်အကူပြုကော်မတီအဖွဲ့ဝင် ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို(ဟိုတယ်တာချီလိတ်) (၂၀၀၀)ဘတ်၊ ဦးစိုင်းဝဏ္ဏထွန်း + ဒေါ်နန်းရှဲန်ယုန်း (၁၀၀၀)ဘတ်၊ ဦးလောတာ + ဒေါ်ဆွေဆွေမြင့် မှ (၁၀၀၀)ဘတ် နှင့် ဦးအိုက်ကျော် + ဒေါ်စန်းပွင့် (၁၀၀၀)ဘတ် စုစုပေါင်း ဂုဏ်ပြု ဆုငွေ (၁၄၀၀၀)ဘတ်ကို ကပြဖျော်ဖြေရေးအဖွဲ့သို့ ဂုဏ်ပြုဆုငွေအဖြင့် ပေးအပ်ချီးမြှင့်ခဲ့သည်။

ဂုဏ်ပြုညစာ စားပွဲ နှင့် ကပြဖျော်ဖြေပွဲတွင် တာချီလိတ်မြို့ ဗယ်လင်တိုင်း + နိုင်းနိုင်း (ကဖေးနှင့်အအေး) စားသောက်ဆိုင်မှ အစားအစာ အမျိုးအစား(၂၀)၀န်းကျင်တို့ကို ဘူဖေးလ်စနစ်ဖြင့် စီမံထားရှိပေးရာ လူငယ်များမှ ပျော်ပါးစွာ သုံးဆောင်ကြပြီး ကပြဖျော်ဖြေခဲ့ကြသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)သတင်းစာဆရာများအသင်း ဥက္ကဌ ဦးအောင်ဖြိုးရှိန်က "BBoy အကဟာ သရုပ်​ပျက်​အကလို့ ​ပြောလို့မရပါဘူး၊ ​ခေတ်​​ရေစီး​ကြောင်းအရ အနုပညာဆန်းသစ်​မှု​တွေလည်း ​ပေါ်ထွန်းလာတာနဲ့ အညီ ကျွန်​​တော်​တို့ မြန်​မာလူငယ်​​လေး​တွေဟာလည်း ​ခေတ်​နဲ့အမီလိုက်​​နေတဲ့သ​ဘောပါ။ ဒီအကအဖွဲ့မှာ အာခါ၊ လားဟူ၊ ရှမ်း၊ ဓနု စတဲ့ တိုင်းရင်းသား​တွေလည်း အများအပြား ပါဝင်​​နေတာကို တွေ့ရပါတယ်​။ အခုလို လူငယ်​​လေး​တွေဟာ အနုပညာတို့ အားကစားတို့မှာ စိတ်​ပါဝင်​စားမှု ရှိ​နေခြင်းဟာ တနည်းအားဖြင့်​​တော့ မူးယစ်​​ဆေးဝါးရဲ့ သား​ကောင်​​တွေအဖြစ်​က လွတ်ကင်းဖို့  ရာခိုင်​နှုန်း ပိုများပါတယ်​။ ဒါ့​ကြောင့်​ ကျွန်​​တော်​တို့ တာချီလိတ်​​ဒေသက လူငယ်​​လေး​တွေရဲ့ အရည်​အ​သွေးကို မြှင့်​တင်​​ပေးလိုတဲ့​ စေတနာနဲ့ ဒီပွဲ​လေးကို စီစဉ်​​ပေးဖြစ်​ခဲ့တာပါ.."ဟု တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခုလို ဂုဏ်ပြုညစာ စားပွဲ နှင့် ကပြဖျော်ဖြေပွဲဖြစ်မြောက်ရန်အတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတင်းစာဆရာများအသင်းမှ ကမကထပြုလုပ်ပြီး  တာချီလိတ်မြို့ ဗယ်လင်တိုင်း+နိုင်းနိုင်း (ကဖေးနှင့်အအေး) စားသောက်ဆိုင် မိသားစုတို့မှ အဓိက ကူညီပံ့ပေးဆောင်ရွက်ပေးတာဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~