နိုင်ငံ့ဝန်ထမ်းများ ကျရာဒေသများတွင် မိမိနေရပ်ကဲ့သို့ သဘောထားကြရန် ပြည်နယ်သတ္တုဝန်ကြီးမှ ပြော

နိုင်ငံ့ဝန်ထမ်းများ ကျရာဒေသများတွင် မိမိနေရပ်ကဲ့သို့ သဘောထားကြရန် ပြည်နယ်သတ္တုဝန်ကြီးမှ ပြော
မေ 25, 2015
By Tachileik News Agency

နယ်စပ်ဒေသနှင့် တိုင်းရင်းသား ဒေသများတွင် တာဝန်ကျနေသော နိုင်ငံ့ဝန်ထမ်းများသည် တာဝန်ကျ ရောက်ရာနေရာများတွင် မိမိနေရပ်ဒေသကဲ့သို့ သဘောထား၍ တာဝန်ထမ်းဆောင် ပေးကြရန် လိုအပ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ယနေ့ မေလ(၂၅)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသော ဌာနဆိုင်ရာနှင့်တွေ့ဆုံပွဲ၌ ပြောကြားလိုက်သည်။

“နိုင်ငံ့ဝန်ထမ်းတွေ အနေနဲ့ Mind Setတွေ ပြောင်းရမယ် တကယ်တော့ ကျွန်တော်တို့ဟာ ပြည်သူ ဗဟိုပြုစနစ်နဲ့ နိုင်ငံတော် အစိုးရကသွားနေတာ နောက်ပြီး ကျွန်တော်တို့ဟာ တိုင်းရင်းသား ညီနောင်တွေဖြစ်တဲ့ အတွက် အားလုံးကို ညီအစ်ကိုရင်း စိတ်စေတနာမျိုးထားပြီး တာဝန် ထမ်းဆောင်သင့်တယ်”ဟု ပြည်နယ်ဝန်ကြီး ဦးစိုင်းအိုက်ပေါင်းမှပြောကြားသည်။

တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်း အပါအ၀င် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်စီ/ခန့်ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် မြို့နယ်စီ/ခန့်ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်အထောက်အကူပြုကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် သတ္တုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

တာချီလိတ်မြို့တွင် တာဝန်ကျနေသော နိုင်ငံဝန်ထမ်းများအား နိုင်ငံတော်အစိုးရနှင့် ပြည်နယ် အစိုးရများသည် ပြည်သူများ၏ ရွေးချယ်မှုဖြင့် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊အစိုးရယန္တရား လည်ပတ်မှုသည် ဒီမိုကရေစီလမ်းကြောင်း အတိုင်း လျှောက်လှမ်းနေခြင်းဖြစ်ခြင်းကြောင့် စနစ်တကျနှင့် ပုံစံကျရန် လိုအပ်ကြောင်း၊ သို့မှသာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီး၍ အစိုးရသစ် တက်လာခဲ့လျှင် တာဝန်များ သေချာလွှဲအပ်ပေးနိုင်မည်ဖြစ်ကြောင်း ၀န်ကြီးမှ အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

တက်ရောက်လာသော ဌာနဆိုင်ရာများမှ ကြုံတွေ့နေသော အခက်အခဲများ တင်ပြရာတွင် စည်ပင်သာယာရေးကော်မတီမှ မိုးရာသီကာလအတွင်း ရေကြီးသည့်ပြဿနာမှာ မြန်မာ - ထိုင်း နှစ်နိုင်ငံ ပိုင်းခြားထားသော မယ်ဆိုင်ချောင်းသည် ၁၉၉၅ ခုနှစ်မှ စတင်၍ (၆)ပေမှ (၇)ပေခန့်မြှင့်တက်လာကြောင်း၊ ချောင်းမြေမျက်နှာပြင် မြင့်တက်လာခြင်းကြောင့် မယ်ဆိုင်ချောင်းအတွင်း ၀င်ရောက်သော ချောင်းသွယ်များအား (၈)ပေခန့် အနက် ရေမြောင်းတူးဖေါ်သော်လည်း မယ်ဆိုင်ချောင်းရေ ၀င်ခြင်းကြောင့် မြို့ပေါ်ရပ်ကွက်များ အတွင်း ရေလွှမ်းခြင်းအား တားဆီးနိုင်ခြင်းမရှိကြောင်း တင်ပြခဲ့သည်။

“မယ်ဆိုင်ချောင်းထဲကို ထိုင်းနိုင်ငံက ပိုက်တွေချပြီး ချောင်းရေမျက်နှာပြင် မြင့်ပြီး စိုက်ပျိုးမြေ သွင်းတဲ့အတွက် ချောင်းမြေမျက်နှာပြင် မြင့်လာတာပါ၊ ဒီချောင်းရေမျက်နှာပြင်ကို နှစ်နိုင်ငံညှိနှိုင်းပြီး တူးဖေါ်မှ မြို့ပေါ်ရေလွှမ်းမိုးမှု ကျဆင်းလာမှာဖြစ်ပါတယ်”ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးထိန်မင်းမှ တင်ပြခဲ့သည်။

ပြည်နယ်ဝန်ကြီးမှ တာချီလိတ်မြို့သည် မြေယာပြဿနာများ များပြားကြောင်း ထို့ကြောင့် ပုံစံ(၁၀၅)အား ပြည်နယ်အစိုးရ၏ သဘောတူညီမှု မရှိဘဲ မပေးရန် မှာကြားခဲ့ပြီး တာချီလိတ်မြို့ပေါ် ရန်အောင်မြေရပ်ကွက်ရှိ ကျောင်းသားဦးရေ တိုးလာခြင်းကြောင့် မူလွန်ကျောင်းတွင် ကျောင်းဆောင် သစ်များ လိုအပ်နေမှု အပေါ် ဌာနဆိုင်ရာများ ပူးပေါင်းကာ ဖြေရှင်းရန် မှာကြားသွားခဲ့သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~