မေလ(၂၆)ရက်နေ့ နံနက်(၈)နာရီ ၀န်းကျင်က စိတ်ကြွဆေးပြားများနှင့် အိုက်စ်များပါဝင်သည့် မူးယစ်ဆေးဝါးများကို တာချီလိတ်မြို့ ၀မ်လုံးကျေးရွာအုပ်စု လွယ်စတုံ(အပေါ်)ရွာတွင် ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိကြောင်း သိရသည်။
တာချီလိတ်မြို့ ၀မ်လုံးကျေးရွာအုပ်စု လွယ်စတုံ(အပေါ်)ရွာရှိ နေအိမ်အား မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၁၀၄)နေပြည်တော် နှင့် တပ်ဖွဲ့စု(၃၀)တာချီလိတ်တို့ ပါဝင်သည့် မူးယစ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် တာချီလိတ်တပ်နယ်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေရာ နေအိမ်တွင် လီရှာအား အသင့်တွေ့ရှိနေရပြီး ဆက်လက်၍ ရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိတာဖြစ်ကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သိရသည်။
ရှာဖွေသိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများတွင် ကာလတန်ဖိုးငွေ ကျပ်(၁၁၃)သိန်းကျော် တန်ဖိုးရှိသည့် Wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၄၅၄၆)ပြား နှင့် ကာလတန်ဖိုးငွေကျပ် (၁၀)သိန်းကျော် တန်ဖိုးရှိပြီး အလေးချိန်အားဖြင့် (၄၃)ဂရမ်ရှိသည့် မက်အက်ဖီတမင်း(အိုက်စ်)အဖြူရောင်ပုံဆောင်ခဲများ ပါဝင်ကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ လီရှာ(ကျား)အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၈၅/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။