မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပမည့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲတွင် အသက်(၂၅)နှစ်အောက် အမျိုးသမီးများ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပမည့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲတွင် အသက်(၂၅)နှစ်အောက် အမျိုးသမီးများ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်
ဇွန် 10, 2015
By Tachileik News Agency

ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် တာချီလိတ်ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပမည့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲနှင့် ပဒေသာကပွဲကို ဇွန်လ(၃၀)ရက်နေ့တွင် ကျင်းပပြုလုပ်နိုင်ရန် နှင့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးများအတွက် အကဲဖြတ်ဒိုင်နှင့် စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ယနေ့ ၂၀၁၅ခုနှစ် ဇွန်လ(၁၀)ရက် နံနက်ပိုင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် ခရိုင်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်မှ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အဖြစ် သစ်ပင်စိုက်ပျိုးခြင်း၊ စာစီစာကုံးပြိုင်ပွဲများ ပြုလုပ်ပေးခြင်း စသည်ဖြင့် လုပ်ငန်းများ ဆောင်ရွက်သွားရန်ရှိကြောင်း အဖွင့်စကား ပြောကြားသည်။

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် အလယ်တန်းအဆင့်အနေဖြင့် "အမျိုးသမီးရေးရာအကြောင်း သိကောင်းစရာ"ခေါင်းစဉ်ဖြင့် စာလုံးရေ (၁၈၀၀)ခန့် ရေးသား၍ ယှဉ်ပြိုင်ရမှာဖြစ်ပြီး၊ အထက်တန်းအဆင့် အနေဖြင့် "မြတ်နိုးစရာ မေမြန်မာ၊ ပြည်သူ့အကျိုး သယ်ဆောင်ပိုး"ခေါင်းစဉ်ဖြင့် စာလုံးရေ (၂၅၀၀)ခန့်တို့ကို ရေးသား၍ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆိုပါ ပြိုင်ပွဲကို ၂၅.၆.၂၀၁၅ရက်နေ့ နံနက်(၉)နာရီအချိန်တွင် အခြေခံပညာ အထက်တန်းကျောင်း (တာချီလိတ်)၏ ပြင်ဦးလွင်အဆောင်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ သိရသည်။

မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသော အနေဖြင့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး တာချီလိတ်မြို့ရှိ ရပ်ကွက်/ကျေးရွာများမှ ကိုယ်စားပြုတစ်ဦးစီ ပါဝင်၍ ယှဉ်ပြိုင်ကြမည်ဖြစ်ရာ အဆိုပါ ပြိုင်ပွဲတွင် အလွတ်သီးသန့်သော်လည်းကောင်း၊ အသင်းအဖွဲ့အား ကိုယ်စားပြု၍သော်လည်းကောင်း ၀င်ရောက်ယှဉ်ပြိုင်လိုသူများ အနေဖြင့် (၁၅.၆.၂၀၁၅)ရက်နေ့ နောက်ဆုံးထားကာ သက်ဆိုင်ရာ ရပ်ကွက်ရုံးများ သို့မဟုတ် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ အမည်စာရင်းပေးပို့ရမှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ တာလော့ဈေးထဲတွင် ဈေးရောင်းနေသူများ နှင့် ဟိုတယ်များတွင် အလုပ်ဝင်နေသူများ အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်လိုသော်လည်း အချိန်မရ၍ လေ့ကျင့်ဖို့ အခက်အခဲရှိလျှင် တစ်ရက်လျှင် (၁)နာရီ၊ (၂)နာရီ အချိန်သတ်မှတ်ပြီး သီးသန့်သင်ကြားပေးနိုင်ကြောင်း အစည်းအဝေးတွင် နည်းပြ ဒေါ်နန်းဇင်မျိုးအောင်က ပြောသည်။

အဆိုပါ ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်လိုသူများ အနေဖြင့် အသက်(၂၅)နှစ်အောက် ဖြစ်ရပြီး၊ အရပ်အားဖြင့် (၅)ပေ(၂)လက်မ အထက် သတ်မှတ်ထားကြောင်း နှင့် ယခု ကျင်းပမည့် ပြိုင်ပွဲတွင် အပြုံးအလှဆုပါ ထည့်သွင်း၍ ဆုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် ခရိုင်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်အေးသန္တာကျော် အပါအ၀င် တက်ရောက်လာသည့် လူမှုအဖွဲ့အစည်းများ၊ ပညာရေးမှ ဆရာ/ဆရာများနှင့် သက်ဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲများဖြစ်မြောက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

ပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဉ်းများကိုလည်း တဆက်တည်း ဖော်ပြပေးလိုက်ပါသည်။

ပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဉ်းများအနေဖြင့်

  • (၁) တစ်ဦးချင်း မိတ်ဆက်စကားပြောခြင်းအတွက် ( ၁၀ )မှတ်
  • (၂) လျှောက်လှမ်းပုံ လှပခြင်းအတွက် ( ၁၀ )မှတ်
  • (၃) သတ်မှတ်ဝတ်စုံ ပြည့်စုံလှပခြင်းအတွက် ( ၁၀ )မှတ်
  • (၄) ဆင်ယင်ထုံးဖွဲ့မှု ယဉ်ကျေးခြင်းအတွက် ( ၁၀ )မှတ်
  • (၅) မြန်မာဆန်ဆန် လှပခြင်းအတွက် ( ၁၀ )မှတ်

စုစုပေါင်း ( ၅၀ )မှတ် သတ်မှတ်ပေးထားပြီး အသေးစိတ် အမှတ်ပေးစည်းမျဉ်းအတွက်ကတော့
(က) တစ်ဦးချင်းမိတ်ဆက်စကားပြောခြင်း

  • (၁) အသံကြည်လင်ပြတ်သားမှုရှိခြင်းအတွက် ( ၃ )မှတ်
  • (၂) အထစ်အငေါ့မရှိခြင်းအတွက် ( ၃ )မှတ်
  • (၃) မိတ်ဆက်စကား အသုံးအနှုန်းမှန်ကန်မှုရှိခြင်းအတွက် ( ၄ )မှတ်

(ခ) လျှောက်လှမ်းပုံလှပခြင်း

  • (၁) လမ်းလျှောက်ပုံသည် နွဲ့နှောင်း လှပသည့်ဟန်ရှိခြင်းအတွက် ( ၃ ) မှတ်
  • (၂) သတ်မှတ်ကိုယ်ဟန်ပြ(၄)မျိုးလှပခြင်းအတွက် ( ၄ )မှတ်
  • (၃) တီးလုံးနှင့် အံဝင်ဂွင်ကျလျှောက်နိုင်ခြင်းအတွက် ( ၃ )မှတ်

(ဂ) သတ်မှတ်ဝတ်စုံပြည့်စုံမှုအတွက် ( ၁၀ )မှတ်ပေးထားသည်

  • (၁) မြန်မာ(သို့)တိုင်းရင်းသားဝတ်စုံဖြစ်ခြင်း
  • (၂) အင်္ကျီသည် လက်စက(သို့)လက်ရှည်ဖြစ်ခြင်း
  • (၃) ရင်ဖုံး(သို့)ရင်စေ့ အင်္ကျီဖြစ်ခြင်း
  • (၄) လုံခြည်ဝတ်ဆင်ရာတွင် သပ်ရပ်ညီညာမှုရှိခြင်း

မှတ်ချက်။ ။ မြန်မာထိုင်မသိမ်းဝတ်ဆင်နိုင်သည်။ မှန်ဇာအသုံးပြုပါက ရင်ဘတ်အထက်ဖက်နှင့် လက်တွင်သာဖြစ်ရမည်။ လက်ဝတ်ရတနာများ ၀တ်ဆင်ရာတွင် မျက်စိပသာဒသင့်တင့်စွာဆင်မြန်းရမည်။ ထမိန်စကတ်(လုံးဝ)မ၀တ်ဆင်ရ။

(ဃ) ဆင်ယင်ထုံးဖွဲ့မှုယဉ်ကျေးခြင်း

  • (၁) ခေတ်အဆက်ဆက် မြန်မာ့ရိုးရာဆန်ဆန် ဆင်ယင်ထုံးဖွဲ့မှုဖြစ်ခြင်းအတွက် ( ၄ )မှတ်
  • (၂) ၀တ်စုံနှင့် ဆံထုံးလိုက်ဖက်မှုရှိခြင်းအတွက် ( ၃ )မှတ်
  • (၃) ၀တ်စုံဒီဇိုင်းသည် ခေတ်နှင့်ဆန့်ကျင်ဖက်မဖြစ်ခြင်းအတွက် ( ၃)မှတ်

(င) မြန်မာဆန်ဆန် လှပခြင်း

  • (၁) ၀တ်စားဆင်ယင် ထုံးဖွဲ့မှုသည် မြန်မာမှု ဟန်ပန်ပေါ်လွင်နေခြင်းအတွက် ( ၄)မှတ်
  • (၂) မျက်နှာ အမူအရာသည် လှပသော အပြုံးပိုင်ရှင်ဟန် ပေါ်လွင်ခြင်းအတွက် ( ၃)မှတ်
  • (၃) ကိုယ်ဟန်အနေအထား ကျော့ရှင်းပြေပြစ် လှပမှုရှိခြင်းအတွက် ( ၃) မှတ်

စသည့် ပြိုင်ပွဲနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ နှင့် အမှတ်ပေးစနစ်ကို အထက်ပါအတိုင်း သတ်မှတ်ပေးထားမှာဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~