ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ပညာရေးစနစ်အတွက် အခြေခံပညာရေးကျောင်းများအား ကျောင်းသုံး ပစ္စည်းများ ထုတ်ပေးရာတွင် သယ်ယူပို့ဆောင်ခနှင့် အခြားဝန်ဆောင်မှုခများ မပါဝင်ခြင်းကြောင့် ကျောင်းများမှ အခက်အခဲများဖြစ်ပေါ်လျှက်ရှိပြီး ထုတ်ပေးသော ကျောင်းသုံး ပစ္စည်းများမှာလဲ အရည်အသွေးပြည့်မှီခြင်း မရှိကြောင်းသိရသည်။
“၀န်ကြီးဌာနက ပစ္စည်းတွေတော့ ထုတ်ပေးပါတယ်၊ ဒါပေမယ့် ကားခတို့ အလုပ်သမားခတို့ကို ဘက်ဂျက်ထဲမှာ မထည့်ထားဘူး၊ ပြန်ပေးမလား မပေးဘူးလားဆိုတာ မသိဘူး၊ အခု ကျွန်တော်တို့ စိုက်ထားရတယ်၊ နောက်ပြီး အခမဲ့ ပညာရေးစနစ်လို့ ကြေငြာထားတော့ ကျောင်းသား မိဘတွေ အပေါ်မှာလဲ ကောက်ခံလို့မရဘူးလေ....”ဟု ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ ပညာရေးမှူး တစ်ဦးမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
ပညာရေး ၀န်ကြီးဌာနမှ ကျောင်းသုံး ဖတ်စာအုပ်များနှင့် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပစ္စည်းများ သယ်ဆောင်ရာတွင် ၀န်ဆောင်ခအတွက် ထည့်သွင်းထားခြင်း မရှိသည့်အတွက် ပြည်နယ်အဆင့်မှ မိမိငွေကြေးဖြင့် သယ်ဆောင်သကဲ့သို့ သက်ဆိုင်ရာ ကျေးရွာကျောင်းများသို့လည်း ကျောင်းအုပ်များမှ မိမိကျောင်း အစီအစဉ်ဖြင့် မိမိသယ်ဆောင်ရကြောင်း ၎င်းထံမှ သိရှိရသည်။
“ကျွန်တော်တို့ ကျေးရွာကျောင်းဆိုတာ ဆင်းရဲတဲ့ ကလေးတွေများတော့ ကိုယ့်လစာထဲကဘဲ ကိုယ်စိုက်ပြီး သယ်လာလိုက်တယ်၊ ကလေးတွေစာအုပ်ရတာဘဲ ကျေနပ်နေရတယ်”ဟု ကျေးလက် ကျောင်းအုပ်ဆရာမတစ်ဦးက ဆိုသည်။
ကျောင်းသုံးပစ္စည်းများတွင် White Board ကဲ့သို့ ပစ္စည်းများမှာလဲ အရည်အသွေးပြည့်မှီခြင်း မရှိကြောင်း၊ ထိုကဲ့သို့ ပစ္စည်းများအား သယ်ယူရာတွင်လည်း သယ်ယူခကြီးမြှင့်သည့် အတွက် ပစ္စည်းနှင့် ထိုက်တန်သည့် တန်ဖိုးငွေသာချပေးပြီး သက်ဆိုင်သည့် ဒေသမှ မိမိတို့ နည်းဖြင့် ပြန်လည်ဝယ်ယူရနိုင်ပါက အဆင်ပြေနိုင်ကြောင်းကို ရှမ်းရှေ့ရှိ ကျောင်းအုပ်ဆရာ တစ်ဦးက ပြောသည်။
“အခမဲ့ ပညာရေးစနစ်လို့ ၀န်ကြီးဌာနက ပြောထားတော့ ကျွန်တော်တို့မှာ ကျောင်းရန်ပုံငွေ မရှိဘူး၊ ကောက်ခံလို့လည်း မရဘူး၊ ကျွန်တော်တို့လည်း ကလေးတွေကို ပေးချင်တာပေါ့ ကျောင်းမှာလည်း ရန်ပုံငွေအခက်အခဲကြောင့် ပစ္စည်းတွေက အချိန်နဲ့ တစ်ပြေးညီ မရောက်ဘူးလေ”ဟု ပညာရေးဝန်ထမ်းတစ်ဦးမှပြောသည်။
"ကျွန်မတို့ဘက်တော့ ဒီနှစ်အတွက် မသိရသေးဘူး၊ အရင်နှစ်ကတော့ ကျောင်းသုံးပစ္စည်းတွေကို သယ်ဆိုင်ရာ ကျောင်းတွေက သယ်ယူစရိတ်ကုန်ကျခံရတယ်.."ဟု မိုးကုတ်မြို့မှ အထက်တန်းပြ ဆရာမ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
ပညာရေး ဝန်ကြီးဌာနက မူလတန်းမှ အလယ်တန်းအဆင့်အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းလခနှင့် ပြဋ္ဌာန်းစာအုပ်များ ပံ့ပိုးပေးနေရာမှာ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ အထက်တန်းအဆင့်အထိ အခမဲ့ပညာရေးစနစ် ကျင့်သုံးမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရှိရသည်။
“အရင်က ကလေးတွေ ကျောင်းအပ်ရတော့မယ်ဆိုရင် ကျောင်းအ၀တ်အစားဖိုး၊ စာအုပ်ဖိုး၊ ကျောင်းအပ်ခနဲ့ တော်တော်လေးကို မိဘတွေဗျာများတယ်၊ အခုလို ကျောင်းအပ်ခ မပေးရတော့ဘူး၊ ပြဋ္ဌာန်း စာအုပ်တွေလည်း ပေးတယ်ဆိုတော့ မိဘတွေ စိတ်သက်သာသွားတာပေါ့”ဟု ကျောင်းသားမိဘဖြစ်သူ ဒေါ်မြမြသန်းမှပြောသည်။
၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အထက်တန်းအဆင့် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းလခကြေးများ အခမဲ့ပံ့ပိုးပေးရန် စီစဉ်ဆောင်ရွက်ထားလျှက်ရှိကြောင်းနှင့် မူလတန်းအဆင့်အား ကျောင်းဝတ်စုံများ ထောက်ပံ့ပေးမှုများရှိကြောင်း သိရသည်။