ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ ကျိုင်းတုံမြို့ရှိ ကွန်ပျူတာ တက္ကသိုလ်တွင် ဇွန်လ(၁၅)ရက်နေ့ နံနက်(၆း၃၀)နာရီဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျိုင်းတုံမြို့ ကွန်ပျူတာတက္ကသိုလ်၏ လေးထပ်ကျောင်းဆောင်ရှိ ဒုတိယအထပ်တွင် လွန်ခဲ့သော (၂)နှစ်ခန့်က အသုံးပြုခဲ့သည့် အခန်းအမှတ် B 303 စာသင်ခန်းအတွင်း တပ်ဆင်ထားသည့် ဆော့ကတ်အဟောင်းအား မဖြုတ်ဘဲ ထားရာမှ အပူလွန်ကဲပြီး ဆော့ကတ်မှတဆင့် ၀ါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားရတာဖြစ်ကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားမှုကြောင့် အခန်းအတွင်းမှ (၁၅)ပေ (၅)ပေခန့်ရှိ သစ်သားစတိတ်စင် အဟောင်းတစ်ခုနှင့် ပြတင်းပေါက်မှန် (၄)ချပ်ပျက်စီးခဲ့ပြီး ကြီးကြီးမားမား ဆုံးရှုံးမှု မရှိခဲ့ကြောင်း နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက်(၆း၄၀)နာရီမှာပင် မီးငြှိမ်းသွားခဲ့ကြောင်း ပြည်နယ်တွဲဖက်(ကျိုင်းတုံ)မီးသတ်ဦးစီးဌာနမှ သိရသည်။
"အခုလောင်တဲ့အခန်းက အရင်တုန်းက အသုံးပြုခဲ့တဲ့ အခန်းပါ၊ ဒီအခန်းကို အသုံးမပြုဘဲ ထားထားတာ (၂)နှစ်နီးပါးကြာနေပြီ၊ ဒီအတိုင်းထားထားတာကို မီးလောင်တာ..."ဟု ဒေသခံ တစ်ဦးက တာချီလိတ်သတင်း သို့ ပြောပြသည်။
မီးလောင်မှုဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ကွန်ပျူတာတက္ကသိုလ်မှ (လျှပ်စစ်၊ ရေ၊) ညစောင့် တာဝန်ဆောင်ရွက်သူ ဦးအိုက်သဲသည် ၎င်း၏ တာဝန်ဖြစ်သော လျှပ်စစ် နှင့် ပတ်သက်၍ စစ်ဆေးကြပ်မတ်ခြင်း မရှိသည့်အတွက် ၀ါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရခြင်း ဖြစ်ကြောင်းကို စစ်ဆေးပေါ်ပေါက်သဖြင့် ပေါ့လျော့မှုကြောင့်ဟုဆိုကာ ၎င်းအား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၇၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။