AIR KBZ လေကြောင်းလိုင်း အနေဖြင့် နိုင်ငံတော်ဝန်ထမ်း၊ ဌာနဆိုင်ရာများအတွက် နေပြည်တော် မှ ရန်ကုန်၊ ရန်ကုန် မှ နေပြည်တော် ခရီးစဉ်သို့ ၂၀၁၅ခုနှစ် ဇူလိုင်လ (၁)ရက်နေ့မှ စ၍ ကျပ်(၃၃၀၀၀)၀န်းကျင်ဖြင့် (၅၀)ရာခိုင်နှုန်း ဈေးလျှော့ကာ ပို့ဆောင် ပေးတော့မည်ဖြစ်ကြောင်း AIR KBZ လေကြောင်းလိုင်းမှ သိရသည်။
AIR KBZ မှ AGM ဒေါ်ခင်စိုးဝင်းက "နိုင်ငံတော် ၀န်ထမ်း ဌာနဆိုင်ရာတွေကို (၅၀)ရာခိုင်နှုန်း လျှော့ပေးတဲ့ အနေနဲ့ ဒေါ်လာ(၃၀)နဲ့ ညီမျှ တဲ့ ကျပ်ငွေ (၃၃၀၀၀)ကျပ်နဲ့ စတင်ပို့ဆောင်ပေးတော့မှာဖြစ်ပါတယ်၊ သာမန်ဈေးနှုန်းကတော့ ခရီးစဉ် တစ်ခေါက်ကို ဒေါ်လာ(၆၀)နဲ့ ညီမျှတဲ့ ငွေကျပ်(၆၆၀၀၀) သတ်မှတ်ထားပါတယ်.."ဟု တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကြက်ခြေနီများ အနေဖြင့်လည်း ၀န်ထမ်းဈေးနှုန်းအတိုင်း သွားရောက်လိုပါက လုပ်ငန်းတာဝန်ဖြင့် သွားရောက်မည့် ထောက်ခံစာနှင့်အတူ ကြက်ခြေနီဝင်ကတ်ပြား ပြ၍ စီးနင်းနိုင်မှာဖြစ်ကြောင်း ၎င်းမှ ဆက်လက် ရှင်းပြသည်။
ယခုလို ဈေးနှုန်းထက်ဝက်လျှော့ချပေးမှု နှင့် ပတ်သက်၍"ဝန်ထမ်းတွေ အနေနဲ့ ၅၀% ဆိုကတည်းက ကျေနပ်ပြီးသား၊ အခွင့်အရေးတစ်ရပ်လို့ မမြင်ပဲ စာနာကူညီမှု တစ်ခုအနေနဲ့မြင်တယ်၊ ရန်ကုန် နဲ့ နေပြည်တော်မှ မဟုတ်ဘူး၊ တစ်နိုင်ငံလုံးဆို ပိုကောင်းမယ်၊ တစ်ချို့နယ်ဝေးက လူတွေဆို စရိတ်စက အများကြီး သက်သာတာပေါ့၊ ပြီးရင် အချိန်သက်သာ လူသက်သာ ဆိုတော့ ပိုကောင်းတာပေါ့.."ဟု တာချီလိတ် ခရိုင်လ၀ကရုံးမှ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်ပြည်စိုးမှ ပြောသည်။
ရန်ကုန် - နေပြည်တော် ခရီးစဉ်အတွက် ပုံမှန်ဈေးနှုန်းမှာ ဒေါ်လာ(၆၀)သို့မဟုတ် ကျပ်(၆၆၀၀၀)ဖြစ်ရာ နိုင်ငံတော် ၀န်ထမ်းများအတွက် ထက်ဝက်ဈေးနှုန်းဖြစ်သည့် ဒေါ်လာ(၃၀) သို့မဟုတ် ကျပ်(၃၃၀၀၀)ဖြင့် သတ်မှတ်ထားကြောင်း သိရှိရသည်။