မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(MJA) ဗဟိုမှ မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက် သတင်းစာဆရာအသင်းများကို ဖွဲ့စည်းနေလျက်ရှိရာ ၂၀၁၅ခုနှစ် ဇွန်လ(၂၇)ရက် မွန်းလွဲ(၂)နာရီအချိန်က ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်ကိုယ်စားပြု မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ရှမ်းပြည်နယ်)အား အောင်မြင်စွာ ဖွဲ့စည်းခဲ့ပြီးကြောင်း သိရသည်။
မြန်မာနိုင်ငံသတင်းစာဆရာအသင်း( ရှမ်းပြည်နယ် )အား ဖွဲ့စည်းရာတွင် ဥက္ကဌ အဖြစ် ဦးသန်းဝေ ( သန်းဝေ တောင်ကြီး)၊ ဒု - ဥက္ကဌ(၁)အဖြစ် ဒေါ်ခင်သန်းနွဲ့ (မမ လားရှိုး) နှင့် ဒု-ဥက္ကဌ (၂) အဖြစ် ဦးအောင်ဖြိုးရှိန်( မောင်ယဉ်ကျေး )တို့အား ရွေးချယ်ပြီး အတွင်းရေးမှုးအဖြစ် ဦးခွန်စည်သာဟိန်း၊ တွဲဖက် အတွင်းရေးမှုးအဖြစ် (၁) ဦးထွန်းထွန်း၊ တွဲဖက် အတွင်းရေးမှုးအဖြစ် (၂) ဦးဝင်းအောင်ဇော် ( ကိုဇောင်း - တာချီလိတ်သတင်းအေဂျင်စီ ) အပြင် ပြန်ကြားရေးမှုး အဖြစ် ဒေါ်မေမေနီ၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးစိန်ဝင်း(ကလော)၊ အဖွဲ့ဝင်များ အဖြစ် ဦးသန်းဇော်မြင့်၊ ဦးနေဖြိုးမြင့် နှင့် ဦးထွန်းသန်း (မြင့်မိုရ် တာချီလိတ် )တို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
ပြည်နယ် MJA ဖွဲ့စည်းခြင်း နှင့် ပတ်သက်၍ "မူလက ရှမ်းရှေ့/တောင်/မြောက်ဆိုပြီး ပြည်နယ်အသီးသီးက သတင်းစာဆရာတွေကို သုံးပိုင်းခွဲပြီး ဖွဲ့စည်းခဲ့ပါတယ်၊ ဒီအဖွဲ့အစည်း(၃)ခုကို ရှမ်းပြည်နယ်တစ်ခုလုံးအနေဖြင့် ပြန်လည်ပေါင်းစပ်ပြီးတော့ ဖွဲ့စည်းလိုက်တာဖြစ်တဲ့ အတွက်ကြောင့် ပိုပြီးတော့ ကျစ်လစ်ခိုင်မာလာပါမယ်၊ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ သတင်းသမားများအနေနဲ့ ပြည်သူ့အကျိုးပြုပြီးတော့ သတင်းများကို ပိုမိုရေးသားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..."ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဌ ဦးအောင်ဖြိုးရှိန်(မောင်ယဉ်ကျေး)က ပြောသည်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(MJA) ဗဟိုမှ ၂၀၁၅ခုနှစ် သြဂုတ်လ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ညီလာခံသို့ ရှမ်းပြည်နယ်ကိုယ်စားပြု အနေဖြင့် ပြည်နယ် MJA မှ ဒုတိယ ဥက္ကဌ(၁) ဒေါ်ခင်သန်းနွဲ့(မမ လားရှိုး)ကို ရွေးချယ်ထားရှိပြီး၊ ဇွန်လ(၃၀)ရက်မှ ဇူလိုင်(၁)ရက်နေ့အထိ နိုင်ငံတကာဂျာနယ်လစ်များအဖွဲ့ချုပ် (IFJ) နှင့် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(MJA)တို့ ပူးပေါင်းပြုလုပ်သည့် Union Leadership Training တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း MJA အသင်းဝင် ကိုထူးလင်းကျော်(ဇောင်းညီ - တာချီလိတ်သတင်းအေဂျင်စီ )မှ ရှမ်းပြည်နယ်ကိုယ်စားပြု တက်ရောက်ကြောင်း သိရသည်။