၂၀၁၅ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်ထုံးဖွဲ့မှုပြိုင်ပွဲကို ဇွန်လ(၃၀)ရက်နေ့ ည(၇)နာရီအချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင် (၂၆)ဦးအနက် အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)ကိုယ်စားပြုမှ ပထမဆုရရှိသွားသည်။
ပြိုင်ပွဲကို အကပဒေသာများဖြင့် ကျင်းပပြုလုပ်ရာ ကျေးလက်အကများ၊ ခေတ်ပေါ်အကများ၊ တေးသရုပ်ဖော်များနှင့်အတူ ၀ါသနာရှင်များမှ သီဆိုမှုများဖြင့် ပြိုင်ပွဲအား တန်ဆာဆင်ခဲ့ကြသည်။
မြန်မာ့ရိုးရာဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၂၆)ဦးရှိရာ အုပ်စုအလိုက် ယှဉ်ပြိုင်နိုင်ရန် အတွက် အုပ်စု(၃)စု ခွဲပြီး ကျင်းပရာမှာ နောက်ဆုံး ဇကာတင်(၁၀)ဦးကို ရွေးချယ်ခဲ့ကြသည်။
ဆက်လက်၍ ဇကာတင်(၁၀)ဦးထဲမှ (၅)ဦးအား ထပ်မံရွေးချယ်ကာ ထို(၅)ဦးထဲမှ ပထမ၊ ဒုတိယ နှင့် တတိယဆုအပြင် အထူးဆုနှင့် အပြုံးအလှပိုင်ရှင်ဆုကိုလည်း ချီးမြှင့်နိုင်ရန်အတွက် ရွေးချယ်ခဲ့ကြသည်။
ပြိုင်ပွဲ၌ ဇကာတင်(၅)ဦးမှ ထွက်ပေါ်လာသည့် ပထမဆုကို အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)ကိုယ်စားပြု မဇူးဇူးနိုင်မှ လည်းကောင်း၊ ဒုတိယဆုအား ဖန်မင်ကျေးရွာအုပ်စုကိုယ်စားပြု မဖြူဝင်းခိုင်မှ လည်းကောင်း၊ တတိယဆုအား ဆန်ဆိုင်း(က)ကိုယ်စားပြု မမေစန္ဒီမောင်မှ လည်းကောင်း အထူးဆုများအား ပုန်းထွန်ရပ်ကွက်ကိုယ်စားပြု မနန်းစိမ်းဖြူလွင်နှင့် အခြေခံပညာအထက်တန်းကျောင်း (ဟောင်လိတ်) ကိုယ်စားပြု မနန်းစိမ့် တို့မှ အသီးသီးရရှိသွားပြီး အပြုံးအလှပိုင်ရှင်ဆုကို အခြေခံပညာအထက်တန်းကျောင်း (ဟောင်လိတ်) ကိုယ်စားပြု မနန်းစိမ့်မှပင် ဆွတ်ခူးရရှိသွားသည်။
( အခြေခံပညာအထက်တန်းကျောင်း (ဟောင်လိတ်) ကိုယ်စားပြု မနန်းစိမ့်မှ အထူးဆုရရှိ)
အဆိုပါ ဆုများကို တာချီလိတ်ခရိုင် အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်၊ တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှူး၏ ဇနီး ဒေါ်စန်းစန်းရီ နှင့်တာချီလိတ်မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်အေးသန္တာကျော် အပါအ၀င် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အဆွေတော်မိသားစု(၂၄)နာရီအထူးကုဆေးခန်းနှင့် အဆွေတော်မီနီမတ် မိသားစု၊ ဟွမ်ဟွမ်ပိုးထည်တိုက်၊ ရွှေပိုးထည်တိုက်နှင့် အခြားစီးပွားရေး လုပ်ငန်းရှင်များမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပြိုင်ပွဲဝင်များအား ပေးအပ်ချီးမြှင့်သည်။
မေတ္တာဖြင့် ကူညီပံ့ပိုးပေးသည့် အကဲဖြတ်ဒိုင်အဖွဲ့(၆)ဦးအား ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အမှတ်တရလက်ဆောင်များကို တာချီလိတ်ခရိုင် အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်က တစ်ဦးချင်းစီပေးအပ်သည်။
ပြီးခဲ့သော ၂၀၁၃ခုနှစ်က ကျင်းပသည့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲတွင် ၀မ်ကောင်းရပ်ကွက် ကိုယ်စားပြု မဧရာဝတီထွန်းမှ ပထမဆု ဆွတ်ခူးသွားခဲ့ကြောင်း၊ ၂၀၁၄ခုနှစ်တွင် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း ကိုယ်စားပြု မချယ်ရီအောင်မှ ပထမဆု ဆွတ်ခူးသွားခဲ့ကြောင်း နှင့် ယခု ၂၀၁၅ခုနှစ်တွင် ပထမဆုကို အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)ကိုယ်စားပြု မဇူးဇူးနိုင်မှ ဆွတ်ခူးရရှိသွားကြောင်း သိရသည်။
ပုံများကိုကြည့်ရန်