မိုင်းကိုးကျေးရွာအုပ်စု အတွင်းရှိ ဝှေလေကျေးရွာ ပြောင်းရွှေ့ရန် ပြင်ဆင်နေမှုသည် ရွှေတူးဖေါ်မှုများကြောင့် မဟုတ်ဘဲ အခြား ကိစ္စရပ်များကြောင့် ပြောင်းရွှေ့ရန် ပြင်ဆင်နေတာဖြစ်ပြီး ၎င်းတို့ ပြောင်းရွှေ့ပါကလည်း ရှမ်း/ရှေ့ သတ္တုလုပ်ငန်းရှင်များ အသင်းနှင့် တာဝန်ရှိ သတ္တုလုပ်ငန်းရှင်များမှ ကူညီပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ယနေ့ ဇူလိုင်လ(၈)ရက်နေ့က ပြုလုပ်သည့် ရှမ်း/ရှေ့ သတ္တုလုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရှမ်း/ရှေ့)တို့ တွေ့ဆုံ ရှင်းလင်းပွဲတွင် ရှမ်း/ရှေ့သတ္တုလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးတင်နွယ်က ပြောကြားလိုက်သည်။
အဆိုပါ ကျေးရွာရွှေ့ပြောင်းရန် ပြင်ဆင်ခြင်းမှာ ရွှေတူးဖေါ်မှုကြောင့် သက်ဆိုင်ခြင်း မရှိသော်လည်း ကျေးရွာရွှေ့ပြောင်းမှုတွင် ရွှေတူးဖေါ်သည့် ကုမ္ပဏီများ အနေနှင့် လိုအပ်သည်များကို ကူညီပေးသွားမည်ဖြစ်ကြောင်း၊ ရွှေတူးဖေါ်မှုကြောင့် ဝှေလေချောင်းမှာ မြေစာအနည်ပို့ချမှု အနည်းငယ်ရှိသော်လည်း လယ်ယာမြေများ စိုက်ပျိုး၍မရသည် အထိ ဖြစ်ပွားခဲ့သည်ဆိုခြင်းမှာ မဟုတ်ကြောင်း ရှမ်း/ရှေ့ သတ္တုလုပ်ငန်းရှင်များအသင်းမှ ထပ်မံရှင်းလင်း ပြောကြားသည်။
ယင်းကျေးရွာသို့ ပြီးခဲ့သည့် ၂၀၁၄ခုနှစ် သြဂုတ်လ(၈)ရက်နေ့က ရှမ်း/ရှေ့ သတ္တုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဒေသ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ သတ္တုလုပ်ငန်းရှင်များ ပူးပေါင်း၍ မယ်ခေါင်မြစ်ကြောင်း အနီးရှိ ပျက်စီးလယ်ယာများအား ကွင်းဆင်းကြည့်ရှုခဲ့ရာ ဝှေလေကျေးရွာ၏ စိုက်ပျိုးမြေများမှာ ပျက်စီးမှုတွင် ပါဝင်မှု မရှိကြောင်းကို တွေ့ရှိခဲ့ရကြောင်း နှင့် ရွှေတူးဖေါ်မှုကြောင့် ဝှေလေချောင်းမှာ မြေစာ အနည်ပို့ချမှု အနည်းငယ်ရှိသော်လည်း လယ်ယာမြေများတွင် စိုက်ပျိုး၍ မရသည်အထိ မရှိကြောင်းကို တွေ့ရှိရကြောင်း ရှမ်း/ရှေ့ သတ္တုလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးတင်နွယ်၏ ရှင်းပြချက်အရ သိရသည်။
ယခုလို ရှမ်း/ရှေ့ သတ္တုလုပ်ငန်းရှင်များအသင်း အပါအ၀င် သတ္တုကုမ္ပဏီများ၏ ရှင်းလင်းမှုသည့် တာချီလိတ်သတင်းအေဂျင်စီ၏ ဇူလိုင်(၇)ရက်နေ့တွင် ဖော်ပြရေးသားခဲ့သော "တာချီလိတ်ခရိုင် မယ်ခေါင်မြစ်အနီး ရွှေတူးဖေါ်မှုကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့ရန် ပြင်ဆင်နေ"ဆိုသည့် သတင်းနှင့် ပတ်သက်၍ ရှင်းလင်းခြင်းဖြစ်သည်။
ထိုသို့ ရှင်းလင်းရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတ္တုလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးမြင့်ဦး(မုတ်ဆိတ်) နှင့် အတွင်းရေးမှူး ဦးတင်နွယ် အပါအ၀င် ဝှေလေကျေးရွာအနီးရှိ သတ္တုတူးဖော်ရေး ကုမ္ပဏီ (၁၀)ခုမှ တာဝန်ရှိသူများ နှင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရှမ်း/ရှေ့) ဥက္ကဌ ဦးအောင်ဖြိုးရှိန် အပါအ၀င် တာချီလိတ်သတင်းအေဂျင်စီမှ တာဝန်ရှိသူများဖြစ်သည့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရှမ်း/ရှေ့) အတွင်းရေးမှူး ကိုဇောင်း၊ ကိုဇက် နှင့် ဇောင်းညီ အပါအ၀င် တာဝန်ရှိသူများ ပါဝင်သည်။
တာချီလိတ်ခရိုင်အတွင်း၌ ရွှေတူးဖေါ်မှုကြောင့် ပျက်စီးသည့် ဒေသမှာ နားဟိုင်းလုံကျေးရွာတွင်သာ ဖြစ်ပေါ်ခြင်းဖြစ်ပြီး ကျန်ဒေသတွင် စိုးရိမ်မှု ဖြစ်ပေါ်စေသည့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ ဖြစ်ပေါ်ခြင်းမရှိကြောင်း၊ ရှမ်း/ရှေ့ သတ္တုလုပ်ငန်းရှင်များအသင်း၏ အဖွဲ့ဝင် ကုမ္ပဏီများမှလဲ သတ္တုတွင်းဝန်ကြီးဌာနမှ သတ်မှတ်ထားသော သတ္တုထုတ်လုပ်မှု နည်းစနစ်အတိုင်း လိုက်နာ ဆောင်ရွက်လျှက်ရှိပြီး ထိခိုက်မှုများအား နစ်နာကြေးငွေများကို နှစ်စဉ်ပေးလျှက်ရှိကြောင်း နှင့် ရက်ပိုင်းအတွင်း ဝှေလေကျေးရွာသို့ သတ္တုလုပ်ငန်းရှင်များ သွားရောက်ကာ ကွင်းဆင်းဆေးစစ်ကာ လိုအပ်သည်များကို ကူညီပေးသွားရန် ရှိကြောင်း အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပန်ကြူရေဝေ ရေလဲ ဒေသထိန်းသိမ်းရေးလုပ်ငန်းများအား ရှမ်း/ရှေ့သတ္ထုလုပ်ငန်းရှင်များအသင်းမှ အကုန်အကျခံကာ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။