ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ -

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ -
ဇူလိုင် 10, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ - ပုံပါကျင်ဒေသ အတွင်းရှိ အစိုးရတပ်မတော်နှင့် 'ဝ' တပ်ဖွဲ့တို့၏ လက်ရှိ   စစ်ရေးတင်းမာမှုမှာ  ပြန်လည်ဖြေလျှော့သွားကာ ဆုတ်ခွါသွားခြင်းကြောင့် ဒေသ ငြိမ်းချမ်းသွားပြီဖြစ်ကြောင်း ပုံပါကျင်ရှိ အစိုးရ တပ်မတော်နှင့် နီးစပ်သူ ဒေသခံတစ်ဦးက ဇူလိုင်လ(၁၀)ရက် ညပိုင်းက အတည်ပြုပြောကြားလာသည်။

"အရင်က မိုင်းတုံ ပုံပါကျင် လမ်းပေါ်မှာ တပ်မတော်နဲ့ '၀'အပြန်အလှန် နေရာယူထားတာတွေ အခု မရှိတော့ဘူး၊ '၀'တပ်ဖွဲ့က လမ်းပေါ်မှာ နေရာချထားတဲ့ တပ်သားတွေကိုလည်း အကုန်ရုပ်သိမ်းလိုက်ပြီ၊ နောက်ပြီ '၀'နဲ့ အစိုးရတပ်နဲ့ မျက်နှာချင်းဆိုင် လမ်းခြားပြီး နေရာယူထားတဲ့ အဖွဲ့တွေလည်း မရှိတော့ဘူး..."ဟု ပုံပါကျင်မှ တပ်နှင့် နီးစပ်သူ ဒေသခံ တစ်ဦးက ပြောလာသည်။

အစိုးရတပ်ဖွဲ့မှ ပြဿနာစဖြစ်သည့် နေရာတွင် သာမန်လုံခြုံရေးယူသည့် အနေအထားတာ ရှိတော့ကြောင်း၊ '၀'ရွာများတွင်လည်း ရွာသားများ ပြန်လာနေကြပြီး၊ မိုးရာသီဖြစ်သည့်အတွက် လယ်စိုက်ရန် ပြင်ဆင်နေကြောင်း နှင့် ဟွေအောရွာရှိ 'ဝ'ခေါင်းဆောင်တစ်ဦး၏ နေအိမ်တွင် အလှူလုပ်ကာ 'ဝ'တပ်ဖွဲ့ဝင်များ ပျော်ပါး သောက်စားနေကြတာကို တွေ့ရှိရပြီး ယခင်လို ပုံမှန်အတိုင်း သွားလာနေကြပြီဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောပြသည်။

"အခု တစ်ခေါက် တပ်မတော် နဲ့ 'ဝ'တပ် စစ်ရေးတင်းမာမှုကြောင့် 'ဝ'ဘက်က အင်အားဖြည့်တဲ့အနေနဲ့ 'ဝ'စစ်မှုထမ်းဟောင်းတွေပါ ပြန်ခေါ်ထားတာလို့ သိရတယ်၊ အဲ့ဒါကြောင့် ရွာထဲမှာ လူတွေပျောက်နေပြီး အခု မှ ပြန်လာကြတာ.."ဟု ဒေသခံ တစ်ဦးမှ ပြောပြသည်။

"စစ်မဖြစ်တော့ဘူး ၊ နယ်မြေ တကယ်တည်ငြိမ်သွားပြီဆိုတော့ ၀မ်းသာစရာဘဲ ကိုယ့်နိုင်ငံသားအချင်းချင်း အပြန်အလှန် တိုက်ခိုက်နေတာ မကောင်းပါဘူး၊ ကျွန်တော်တို့လဲ နေရတာ စိတ်မချမ်းသာဘူး သတင်းတွေက အမျိုးမျိုးထွက်နေတာ အခုတော့ အေးဆေးသွားပြီဆိုတော့ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ရုံပေါ့.."ဟု ဒေသခံတစ်ဦးမှပြောသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net