ထိုင်းလယ်သမားများ ချစ်ကြည်ရေး တံတားကို ခေတ္တပိတ်ကာ ဆန္ဒပြခြင်းကြောင့် ရေတားဖျက်ဆီးဖယ်ရှားရေး (၁၀)ရက် ဆိုင်းငံ့

ထိုင်းလယ်သမားများ ချစ်ကြည်ရေး တံတားကို ခေတ္တပိတ်ကာ ဆန္ဒပြခြင်းကြောင့် ရေတားဖျက်ဆီးဖယ်ရှားရေး (၁၀)ရက် ဆိုင်းငံ့
ဇူလိုင် 13, 2015
By Tachileik News Agency
မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့ နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အကြား ကြားခံချောင်းဖြစ်သော မယ်ဆိုင်ချောင်းအတွင်း ယခင်က ရေစီးရေလာမှုကို ဟန့်တားသဖွယ်ဖြစ်နေသည့် ရေတား(၃)ခုကို ယနေ့ ဇူလိုင်လ(၁၃)ရက် နံနက်(၆)နာရီအချိန်က တပြိုင်နက်တည်း မြန်မာဘက်မှ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ဖျက်ဆီးဖယ်ရှားရာ မယ်ဆိုင်ရှိ လယ်သမား(၂၀၀)ခန့်မှ ထိုင်းဘက် အမှတ်(၁)ချစ်ကြည်ရေး တံတားထိပ်၌ ထိုင်းဘက် တံတား၏ တံခါးမကြီးအား ၎င်းတို့ သဘောဖြင့် သော့ခတ်ကာ ခေတ္တပိတ်၍ ဆက်လက် ဆန္ဒပြခြင်းတို့ကြောင့် ဒေသအုပ်ချုပ်ရေးဆိုင်ရာ နှစ်ဖက် အကြီးအကဲများမှ အရေးပေါ်အနေဖြင့် အမှတ်(၁)ချစ်ကြည်ရေးတံတား(၁)အနီး ရွှေနန်းတော် ကုန်တိုက်မှာပင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုင်းဘက်ကမ်းတွင် ပြင်ဆင်မှုများ လုပ်နိုင်ရန်အတွက် အဆိုပါ ဖျက်ဆီးဖယ်ရှားမှုကို နှစ်ဖက်သဘောတူညီမှုဖြင့် (၁၀)ရက် ဆိုင်းငံ့ထားလိုက်ကြောင်း သိရှိရသည်။
( အရေးပေါ် ဆွေးနွေးစဉ် )

မယ်ဆိုင်ရှိ လယ်သမားများမှ တံတားပိတ်ကာ ဆန္ဒပြခြင်းကြောင့် ထိုင်းဘက်တွင် လူသွားလမ်း ဖွင့်ထားပြီး ယာဉ်ကြီး/ယာဉ်ငယ်သွားသည့် တံခါးမကြီးအား ခေတ္တပိတ်ထားလိုက်ရပြီး ဆန္ဒပြလယ်သမားများ လူစုခွဲသွားပြီးနောက်  နံနက်(၁၀း၂၅)နာရီမှာပင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားခဲ့သည်။

သတင်း။  ။ ကိုဇောင်း
ဓါတ်ပုံ။  ။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~