မြန်မာ - ထိုင်း

မြန်မာ - ထိုင်း
ဇူလိုင် 13, 2015
By Tachileik News Agency

မြန်မာ - ထိုင်း နှစ်နိုင်ငံ သဘောတူညီမှုဖြင့် နှစ်နိုင်ငံနယ်ခြား မယ်ဆိုင်ရေချောင်းအတွင်းရှိ ရေတားများ တူးဖေါ်ပယ်ဖျက်ခြင်းကို မယ်ဆိုင်မြို့အတွင်းရှိ ထိုင်းလူမျိုး လယ်သမားများ ကျေနပ်မှုမရှိသဖြင့် ဇူလိုင်(၁၃)ရက်နေ့ နံနက်ပိုင်းတွင် ချစ်ကြည်ရေးတံတားအမှတ်(၁) ထိုင်းနိုင်ငံဘက်မှ ဂိတ်တံတားအား လယ်သမားများမှ မိမိသဘောဆန္ဒဖြင့် သော့ခတ်ပိတ်၍ ဆန္ဒပြခဲ့မှုကြောင့် နှစ်နိုင်ငံ ဖြတ်သန်းမှု ခေတ္တ ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

"မယ်ဆိုင်ချောင်းထဲက ရေတားတွေကြောင့် တာချီလိတ်မြို့ထဲမှာ နှစ်စဉ်ရေကြီးတဲ့အတွက် နှစ်နိုင်ငံ အစည်းအဝေးမှာ မယ်ဆိုင်ချောင်းကို ရေတားတွေဖယ်ရှားပြီး ပြန်လည်တူးဖေါ်ဖို့ သဘောတူထားတာပါ၊ ထိုင်း လယ်သမားတွေက ဒီရေတားတွေမရှိရင် သူတို့ လယ်ရေသွင်းလို့မရတော့ဘူးဆိုပြီးဆန္ဒပြကြတာ၊ တကယ်တမ်းက မိုးကြီးလို့ ရေကြီးရေလျှံဖြစ်ရင် ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေပဲ ဒုက္ခရောက်ရတာ.."ဟု တာဝန်ရှိသူတစ်ဦးမှပြောသည်။

ဇူလိုင်(၁၃)ရက်နေ့ နံနက်ပိုင်းတွင် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် တာချီလိတ်-မယ်ဆိုင်မြို့နှစ်မြို့ကြား မယ်ဆိုင်ချောင်းတွင်းရှိ ရေတား(၃)ခု၊ (၁) ပုန်းထွန် - ၀ါးဆိပ်(၂) ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ဂရင်းဆိပ် နှင့် (၃) ရန်အောင်မြေ - ငှက်ပျောဆိပ် တို့အား ဖျက်ဆီး ဖယ်ရှားခဲ့ကြောင်း၊ ရေချောင်းအတွင်းရှိ ရေတားများအား နှစ်နိုင်ငံတာဝန်ရှိသူများ ကြီးကြပ်၍ ဖယ်ရှားရှင်းလင်းခဲ့ကြောင်းသိရသည်။

ထိုသို့ ဖယ်ရှားရှင်းလင်းစဉ်တွင် မယ်ဆိုင်မြို့ လယ်ယာစိုက်ခင်းများ အတွက် ရေရရှိမှုလျော့နည်းသွား မည်ကို မကျေနပ်သည့် အတွက် ကျေးလက်တောင်သူ လယ်သမားအဖွဲ့ခေါင်းဆောင် နိုင်းပစစ် ပူဝမ်စူလင်း ဦးဆောင်သည့် ထိုင်းတောင်သူလယ်သမား အင်အား နှစ်ရာခန့်သည် မယ်ဆိုင်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)ထိပ် (ထိုင်းဖက်ခြမ်း)တွင် နံနက် (၈း၄၅)အချိန်ခန့်က စတင် ဆန္ဒပြကြပြီး ဆန္ဒပြသူများမှ ၎င်းတို့၏ အစီအစဉ်ဖြင့် နံနက် (၉)နာရီတွင် မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတားအား တဖက်သတ် သော့ခတ်ပိတ်လိုက်ကြသည့်အတွက် ယာဉ်သွားလာမှုများ ယာယီ ရပ်ဆိုင်းသွားခဲ့သည်။

အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်တွင် ထိုင်း လယ်သမားများတံတားပိတ်၍ ဆန္ဒပြခြင်းကြောင့် နှစ်နိုင်ငံ အုပ်ချုပ်ရေးပိုင်းများမှ မြန်မာဘက်ခြမ်းရှိ ရွှေနန်းတော်ကုန်တိုက်အတွင်း တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးတင်ဝင်းရွှေ ၊ အတွင်းရေးမှူး ဦးကျော်စွာလွင် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ နယ်ခြားကော်မတီဥက္ကဌ ဗိုလ်မှူးကြီး ပါဖတ်ဖုလ်ဖူးဝမ်း ၊ မယ်ဆိုင်မြို့ပိုင် နိုင်းဆုမ်ချိုင်းရွန်းဆာရုန်းဦးဆောင်သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့တို့သည် အရေးပေါ်ဆွေးနွေးခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ရေတားများတူးဖေါ်ခြင်းအား (၁၀)ရက်တာ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်းသိရသည်။

“တကယ်တမ်းတော့ ထိုင်းနိုင်ငံဘက်က လယ်သမားတွေက သူတို့ဘက်ဘဲကြည့်တာ ကျွန်တော်တို့ တာချီလိတ်ဒေသခံတွေ နှစ်တိုင်း မြို့ထဲမှာ ဒီရေတားတွေကြောင့် ရေကြီးရေလျှံဖြစ်ပြီး ဆုံးရှုံးမှုတွေဖြစ်နေတာ သူတို့လည်းသိတယ်၊ မိုးကြီးလို့ တောင်ပေါ်ရေကျလာပြီဆို ညဘက် ကောင်းကောင်းမအိပ်ရတဲ့ ရက်တွေနှစ်တိုင်းကြုံနေရတာ”ဟု တာချီလိတ် တာလော့ရပ်ကွက်တွင်းနေထိုင်သူ တစ်ဦးမှပြောသည်။

အမှတ်(၁)ချစ်ကြည်ရေးတံတား ခေတ္တယာယီပိတ်ထားသဖြင့် ယာဉ်များ သွားလာမှုရပ်ဆိုင်းခဲ့ပြီး ခြေလျှင် ဖြတ်သန်းသူများသာ သွားလာနိုင်ခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့ ကားတွေ မယ်ဆိုင်သွားလို့မရတော့ တာချီလိတ်တံတားထိပ်က ရွှေတြိဂံအ၀ိုင်းနားမှာ ကားတွေပိတ်ကုန်တယ် လူတွေလဲ ရှုပ်ယှက်ကုန်တာဘဲ ထိုင်းတွေ တမင်သက်သက်လုပ်တာ ဆန္ဒပြတာ တစ်ခြားနေရာပြပေါ့ဗျာ အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်သင့်ဘူး သူတို့မှာ ဥပဒေမရှိဘူးလားမသိဘူး” ဟု မြန်မာနိုင်ငံသားတစ်ဦးမှပြောသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net