မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့ နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အကြား နယ်နိမိတ်အဖြစ် ဖြတ်သန်းစီးဆင်းလျှက်ရှိသော မယ်ဆိုင်ချောင်းအတွင်း ရေစီးရေလာမှုကို ဟန့်တားသဖွယ် ဖြစ်နေသည့် ရေတားတမံ(၃)ခုကို ယနေ့ ဇူလိုင်လ(၁၃)ရက် နံနက်(၆)နာရီအချိန်က တပြိုင်နက်တည်း မြန်မာဘက်မှ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် တရားဝင် ဖျက်ဆီးဖယ်ရှားနေစဉ် မယ်ဆိုင်ရှိ ထိုင်းလယ်သမား(၂၀၀)ခန့်မှ ထိုင်းဘက် အမှတ်(၁)ချစ်ကြည်ရေး တံတားထိပ်၌ ထိုင်းဘက် တံတား၏ တံခါးမကြီးအား ၎င်းတို့ သဘောဖြင့် သော့ခတ်ကာ ခေတ္တပိတ်၍ ဆက်လက် ဆန္ဒပြခြင်းတို့ကြောင့် ခေတ္တ ဆိုင်းငံ့ထားလိုက်ရသည့် အတွက် ရာနှုန်းပြည့် ပြီးစီးမှု မရှိသေးကြောင်း သိရသည်။
ပုန်းထွန်ရပ်ကွက်ရှိ ၀ါးဆိပ်၊ ဆန်ဆိုင်းရပ်ကွက်ရှိ ဂရင်းဆိပ် နှင့် ရန်အောင်မြေ(၂)ရပ်ကွက်ရှိ ငှက်ပျောဆိပ်တို့တွင် ကျွမ်းကျင်ပညာရှင်များနှင့် လုပ်ငန်းရှင်များက စက်ယန္တာရားများဖြင့် သက်ဆိုင်ရာ နေရာအသီးသီး တာဝန်များ ခွဲဝေရယူကာ ရေတားတမံများကို ဖယ်ရှားကြစဉ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၊ မယ်ဆိုင်ချောင်းအား အမီပြုနေသည့် ထိုင်းလယ်သမားများမှ ထိုင်းဘက်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားထိပ်တွင် တံတား၏ တံခါးမကြီးအား ခွင့်ပြုချက်မဲ့ သော့ဖြင့် ပိတ်ကာ ဆန္ဒပြကြသည့် အတွက် မြန်မာ နှင့် ထိုင်း နှစ်ဖက် တာဝန်ရှိသူများမှ အမှတ်(၁)ချစ်ကြည်ရေး တံတားအနီးရှိ ရွှေနန်းတော် ကုန်တိုက်တွင် အရေးပေါ် ဆွေးနွေးခဲ့ကြရသည်။
ထိုသို့ အရေးပေါ် ဆွေးနွေးကြရာတွင် မြန်မာဘက်မှ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးတင်ဝင်းရွှေ နှင့် အတွင်းရေးမှူး၊ တာချီလိတ်ခရိုင်လ၀က ဒု-ညွှန်ကြားရေးမှူး ဦးကျော်စွာလွင်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ နယ်ခြားကော်မတီဥက္ကဌ ဗိုလ်မှူးကြီး ပါဖတ်ဖုလ်ဖူးဝမ်း ၊ မယ်ဆိုင်မြို့ပိုင် နိုင်းဆုမ်ချိုင်းရွန်းဆာရုန်း ဦးဆောင်သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် ထိုင်းဘက်မှ ချောင်းအတွင်း ရေတားတမံ ကိစ္စ နှင့် ဆန္ဒပြနေသည့် လယ်သမားများ ကိစ္စကို လတ်တလော ဖြေရှင်းနိုင်ရန်အတွက် ၎င်းတို့အား အချိန်ပေးစေလိုကြောင်း၊ သတ်မှတ်ရက်အတွင်း ၎င်းတို့ဘက်မှ လယ်ရေသွင်းခြင်းနှင့် ပတ်သက်၍ ပြင်ဆင်စရာများကို ပြင်ဆင်စေလိုကြောင်း စသည်ဖြင့် မေတ္တာရပ်ခံလာသည့် အတွက် မြန်မာဘက်မှ ထိုင်းဘက်အား သတ်မှတ်ရက်အဖြစ် (၁၀)ရက် အချိန်ပေးလိုက်ပြီး တစ်ရက်တည်းအပြီး ဆောင်ရွက်မည်ဟု သတ်မှတ်ထားရှိခဲ့သည့် ရေတားတမံ ဖျက်ဆီး ဖယ်ရှားမှုကို (၁၀)ရက် ဆိုင်းငံ့လိုက်ကြောင်း ယင်းအရေးပေါ် ဆွေးနွေးချက်များ အရ သိရသည်။
"ဒီရေတားတမံ(၃)ခုကို ဖျက်စေချင်တာဟာ ကျွန်တော်တို့ တာချီလိတ်ဒေသခံတွေရဲ့ စိတ်ထဲက အဓိက ဖြစ်တည်မှုပါ၊ နှစ်စဉ် မိုးရွာလို့ဖြစ်ဖြစ် တောင်ကျရေကြောင့်ဖြစ်ဖြစ် မယ်ဆိုင်ချောင်းကနေ ရေကြီးရေလျှံရင် ခံရတာဟာ ကျွန်တော်တို့ပါပဲ၊ အဲ့လို ရေကြီးရေလျှံမှုကြောင့် ကုန်ပစ္စည်းတွေရဲ့ ဆုံးရှုံးမှုဟာ တော်တော်များပါတယ်၊ ဒီရေတားတွေကို အလုံးစုံ ဖျက်လိုက်ရင် ရေကြီးရေလျှံမှု သိသိသာသာကို ကျဆင်းသွားပြီး မိုးတွင်းဆိုရင် ကျွန်တော်တို့ ဒေသခံတွေ ခေါင်းပြားအောင် အိပ်လို့ရမှာ.."ဟု တာလော့ရပ်ကွက်ရှိ စီးပွားရေးလုပ်ငန်းရှင် ဦးစိုင်းတစ်က ဆိုသည်။
မယ်ဆိုင်မြို့ အမှတ်(၁)ချစ်ကြည်ရေး တံတားထိပ်တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ လယ်သမားများထဲမှ လယ်သမားအဖွဲ့ခေါင်းဆောင် နိုင်းပစစ်ပူဝမ်စူလင်း ဦးဆောင်သည့် လယ်သမား(၂၀၀)ခန့်သည် ၎င်းတို့ အနေဖြင့် စိုက်ပျိုးရေးအတွက် မယ်ဆိုင်ချောင်းအတွင်း ရေတားများကို ဖယ်ရှားခြင်းအား သဘော မတူပါကြောင်း၊ ၎င်းတို့သည် မယ်ဆိုင်ချောင်း၏ ရေများကို အားထား၍ စိုက်ပျိုးကာ ထွက်ရှိသည်များကို ဘန်ကောက်မြို့အထိ တင်သွင်းသည့်အတွက် အရေးပါကြောင်း၊ ယခုအခါမှာ ဘန်ကောက်နှင့် အခြားမြို့များတွင်လည်း မိုးခေါင်သည့်အတွက် ၎င်းတို့အနေဖြင့် မယ်ဆိုင်ချောင်းမှ ရေများကို အထူးအားထားကာ စိုက်ပျိုးနေရကြောင်း နှင့် မယ်ဆိုင်ချောင်းအတွင်း ရေတားများကို ဖျက်ဆီးခြင်းသည် ၎င်းတို့၏ လယ်မြေများကို ပျက်စီးစေကြောင်း စသည်ဖြင့် လယ်သမားများမှ ဆန္ဒပြသည့် နေရာတွင် ပြောဆိုနေကြသည်။
"ကျွန်တော်တို့ ဘက်က နှစ်စဉ် ရေကြီးရေလျှံ ဖြစ်နေတာကို ထိုင်းဘက်က ကိုယ်ချင်းစာသင့်တယ်၊ အခု ရေကြီးရေလျှံမှုကို လျော့နည်းသွားအောင်လို့ ဒါတွေကို ဖျက်တာကို ဆန္ဒထပြတယ်ဆိုတော့၊ ကျွန်တော့် အမြင်အရ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ထိုင်းလယ်သမားတွေ တစ်ကိုယ်ကောင်းဆန်တယ်..."ဟု ပုန်းထွန်ရပ်ကွက်နေ ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
"ဒီနေ့စောစော ဂရင်းဆိပ်ကို ဖျက်နေတယ်ဆိုတာကို ကြားတော့ ရေကြီးရေလျှံတာနဲ့ ပတ်သက်ပြီး ကင်းဝေးတော့မယ်လို့ တွေးပြီး ပျော်နေတုန်း၊ ထိုင်းလယ်သမားတွေက ဆန္ဒပြရင်း သူုတို့ဘက်က တံတားကို သူတို့ သဘောနဲ့ သော့ခတ်ပြီး ပိတ်လိုက်တယ်ဆိုတော့ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စပါ၊ နှစ်နိုင်ငံ ချစ်ကြည်ရေးကို တွေးသင့်ပါတယ်၊ ခွင့်ပြုတဲ့ ထိုင်းအာဏာပိုင်များအနေနဲ့လည်း ဒီကိစ္စက သူတို့အပေါ် တာဝန်ရှိပါတယ်.."ဟု ဦးကျော်လှ က ပြောသည်။
"ဘယ်လိုပဲဖြစ်ဖြစ် အခုလောက်ထိ ဖျက်ခွင့်ရတာကို ကျေးဇူးတင်မိပါတယ်၊ ကျေနပ်မိပါတယ်၊ TBC အစည်းအဝေးတွေမှာလည်း အကြိမ်အကြိမ် ထည့်သွင်းဆွေးနွေးပေးတယ်လို့ သိရတယ်၊ တာဝန်ရှိသူများကို ကျေးဇူးတင်ပါတယ်၊ နောက်တစ်ခါ မခံရဖို့ပဲ အားလုံး သတိထားဖို့ပဲ လိုတာပါ.."ဟု ဒေသခံဖြစ်သူ ဦးမြင့်အေးက ကျေးဇူးတင်စကားဆိုသည်။
ရေတားတမံများကို ဖျက်ဆီးရာတွင် ကော်မတီ(၃)ရပ် အပါအ၀င် သက်ဆိုင်ရာ ဌာနများ၊ စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီများဖြစ်သည့် မင်းခေတ်သစ်၊ စံလင်းဖြိုး၊ တပင်ရွှေထီး၊ လန်ဖုန်ဒန် နှင့် သော်တာဝင်း စသည့် ကုမ္ပဏီများမှ အဓိက အားဖြည်ကာ ဆောင်ရွက်ကြတာဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း နှင့် ဆီပန့်လုပ်ငန်းရှင်များအသင်းမှလည်း ပံ့ပိုးကူညီကြောင်း သိရသည်။
ယနေ့ ပြုလုပ်သည့် ရေတားတမံဖျက်ဆီး ဖယ်ရှားမှုတွင် ပုန်းထွန်ရပ်ကွက်(၀ါးဆိပ်) နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်(ဂရင်းဆိပ်)တို့တွင် ရာနှုန်းပြည့်နီးပါး ပြီးစီးစေခဲ့ပြီး ရန်အောင်မြေရပ်ကွက်ရှိ ငှက်ပျောဆိပ်ရှိ အချို့နေရာအား ပြန်လည်၍ ဖို့ပေးခဲ့ရကြောင်း သိရသည်။
သတင်း။ ။ ကိုဇောင်း