ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ် - မိုင်းတုံတွင် စစ်ရေးအခြေအနေ တည်ငြိမ်သွားခြင်းကြောင့် ဒေသတွင်း ခရီးသွားလာမှု ယခင်ထက်ပိုမို များပြားလာကြောင်းသိရသည်။
"အခု လမ်းတစ်လျှောက်မှာ စစ်ဆေးတာ တားဆီးတာတွေ မရှိတော့ပါဘူး၊ ကျွန်တော်တို့ ဂိတ်အနေနဲ့ တာချီလိတ်ကနေ မိုင်းတုံကို တစ်နေ့ ကား(၁)စီး၊ မိုင်းဆတ်ကို (၂)စီးနှုန်းနဲ့သွားနေပါတယ်" ဟု ဒို့ညီနောင်ကားဂိတ်မှ ဦးစိုင်းဝန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းဆတ် - မိုင်းတုံသို့ ခရီးသွားလာမှုမှာ ယခင် နယ်မြေအတွင်း စစ်ရေးအခြေအနေတင်းမာမှုကြောင့် အစစ်အဆေးနှင့် အတားအဆီးများရှိသော်လည်း ယခု မရှိတော့ကြောင်း၊ မိုင်းဆတ် - မိုင်းတုံခရီးသွားသူ အများစုမှာ တာဝန်နှင့်ပြောင်းရွှေ့သူများ ပါဝင်သလို၊ နေရပ်ပြောင်းရွှေ့ နေထိုင်သူများလည်း ပါဝင်ကြောင်း၊ လမ်းတစ်လျှောက်တွင် တာချီလိတ်အထွက် လွယ်တော်ခမ်းစုပေါင်းဂိတ်တွင်သာ သက်ဆိုင်ရာ ဌာနများမှ စစ်ဆေးမှုများသာရှိကြောင်း နှင့် လမ်းတစ်လျှောက်အေးချမ်းမှုရှိကြောင်း သိရသည်။
"လွယ်တော်ခမ်းစုပေါင်းဂိတ်မှာ ကားပေါ်ပါလာတဲ့ ခရီးသည်တွေရဲ့ နာမည်စာရင်းပေးရတယ်၊ လုံခြုံရေးကြောင့်နဲ့တူတယ်၊ နားယောင်းမှာရှိတဲ့ '၀' ဂိတ်မှာတော့ ကား(၁)စီးကို ဘတ်(၁၀၀)ဘီးခွန်ကောက်တာကလွဲရင် ကျန်တာ အေးဆေးပါဘဲ.."ဟု မိုင်းဆတ် - မိုင်းတုံ ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောပြသည်။
တာချီလိတ်မှ မိုင်းဆတ် - မိုင်းတုံသို့ ခရီးသည်တင်ကားများ ပုံမှန် သွားလာမှုများ ရှိသကဲ့သို့ ကိုယ်ပိုင်ယာဉ်ငယ်များလည်း အသွားအလာပုံမှန်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုမှာလဲ တာချီလိတ်မှ ထိုင်းနိုင်ငံထုတ် စားသောက်ကုန်များ တင်ပို့ပြီး မိုင်းဆတ် - မိုင်းတုံဘက်မှ ဒေသထွက်ကုန်များ ပုံမှန်စီးဆင်းမှုများသာရှိကြောင်းနှင့် လမ်းတစ်လျှောက်တွင် Mobile Team မှ ကန့်သတ်ကုန်စည်များအား ပုံမှန် စစ်ဆေးမှုများရှိကြောင်း သိရသည်။