လက်ရှိ အစိုးရလက်ထက်အတွင်း ရှမ်းပြည်နယ်အတွင်းရှိ ရွာဆိုးရွာပျက် အမည်ဖယ်ရှားခြင်းနှင့် ကျေးရွာများပြောင်းရွှေ့ ပြင်ဆင်သတ်မှတ်ခြင်း၊ ကျေးရွာ ဒေသခံများ အမည်ပေါက် နှစ်(၃၀)မြေဂရမ် ချပေးခြင်းများအား ရှမ်းပြည်နယ်အစိုးရမှ အပြီးသတ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် ဦးဆောင်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးများနှင့် တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ဇူလိုင်(၁၉)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင် ကျင်းပသော တွေ့ဆုံပွဲ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
“ဒီအစိုးရ လက်ထက်အတွင်းမှာကို ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း (၁၅၁၃)ရွာကို ရွာပျက် စာရင်းအတွင်းမှ ဖယ်ရှားခြင်းကို အပြီးသတ် လုပ်ဆောင်ပေးသွားမှာပါ”ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်မှ ပြောကြားသွားသည်။
ရှမ်းပြည်နယ်အတွင်း ရွာဆိုးရွာပျက်အနေနှင့် (၁၃၄၆၉)ရှိကြောင်း၊ ရွာဆိုးအနေဖြင့်(၉၀၀)ကျော်ရှိကြောင်း၊ ရွာဆိုးရွာပျက်များအား အမည်စာရင်း ပယ်ဖျက်မည်ဆိုပါက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ကျေးရွာဖျက်သိမ်းကြောင်း၊ ကျေးရွာတိုးကြောင်း ထောက်ခံချက်ဖြင့် အမှုတွဲတည်ဆောက်၍ ဆောင်ရွက်ရမည်ဖြစ်ပြီး တာဝန်ရှိသူများ အဆင့်ဆင့် တင်ပြလာခြင်းအပေါ် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ (၁)နှစ်လျှင် (၂)ကြိမ် စိစစ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
“ကျေးရွာသားများအနေနဲ့ နိုင်ငံတော်အစိုးရကို မြေငှားဂရမ်လျှောက်ထားခြင်း မရှိတဲ့အတွက် မိမိပိုင်မြေတွေကို တရားဝင်ပိုင်ဆိုင်မှု စာရင်းမရှိဘူး ဒါကို နိုင်ငံတော်က တရားဝင်ပိုင်ဆိုင်ပြီး ပေါင်နှံ၊ ရောင်းချ၊ ငှါးရမ်းနိုင်အောင် အနှစ်(၃၀)မြေဂရမ်လုပ်ပေးမှာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်အောင်မှပြောသည်။
ကျေးရွာများအား မြေဂရမ်လုပ်ပေးခြင်းအား နိုင်ငံတော်အစိုးရမှ (၅.၆.၂၀၁၅)ရက်နေ့ အမိန့်ကြေညာစာ အမှတ် ၅၄/၂၀၁၅ ဖြင့် ကျေးရွာများ မြေငှါးဂရမ်များဆောင်ရွက်ပေးရန် အမိန့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ကျေးရွာများတွင် မြေငှါးဂရမ်ဆောင်ရွက်ရာတွင် မြေပိုင်ဆိုင်သူမှာ အသက်(၁၈)နှစ်ပြည့်ပြီးသူနှင့် နိုင်ငံသား စိစစ်ရေးကဒ်ပြား(မှတ်ပုံတင်)ကိုင်ဆောင်ထားသူ၊ ကျေးရွာ၏ ပုံစံ(၆၆/၆)ရှိသူဖြစ်ရမည်ဖြစ်ကြောင်း ထို့မှသာ ငွေကြေးချမ်းသာသူများ၏ မတရားမြေယာများဝယ်ယူ သိမ်းဆည်းမှု မဖြစ်ပေါ်စေရန်အတွက်ဖြစ်ကြောင်း ၎င်းမှပြောကြားခဲ့သည်။
ကျေးလက်နေပြည်သူများ နေထိုင်သောမြေအား ၎င်းပြည်သူများ ပိုင်ဆိုင်ရန် ဟူသောရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ မြေငှားဂရမ်များ ထုတ်ပေးရာတွင်လည်း မြန်မာနိုင်ငံသားများကိုသာ ထုတ်ပေးမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာများအား မြေငှါးဂရမ်အတွက် (၁)ဧကလျှင် (၁)သိန်းနှုန်းဖြင့် ရှမ်းပြည်နယ်အစိုးရမှ တန်ဖိုးသတ်မှတ်ကာ လူနေထိုင်ရန် အတွက်(၆%)နှင့် စက်မှုလက်မှု လုပ်ကိုင်ရန်အတွက် (၁၂%)နှုန်းပေးသွင်းရမှာဖြစ်ကြောင်း၊ လူနေထိုင်ရန် မြေငှါးဂရမ်အား(၆၀×၄၀)ပေအား တစ်နှစ်လျှင် (၃၃၀)ကျပ်ဖြင့် ငှါးရမ်းပေးခြင်းဖြစ်ကြောင်း နှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၁)ခုလျှင် ကျေးရွာ(၁)ရွာနှုန်း စတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ။ ။ ကောင်းဆက်လင်း(ဓါတ်ပုံ/ဗီဒီယို)