ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ နောင်တုံကန်တွင် ယနေ့ ဇူလိုင်လ(၂၁)ရက် နံနက်ပိုင်း၌ ငါးများ အစုလိုက် အပြုံလိုက် သေဆုံးသွားသည်နှင့် ပတ်သက်ပြီး ယနေ့ ဇူလိုင်လ(၂၁)ရက် နေ့လည်(၁၂)နာရီအချိန် ၀န်းကျင်မှာပင် နောင်တုံကန်အတွင်းမှ ငါးသေများအား ကျိုင်းတုံမြို့ရှိ နှလုံးလှပိုင်ရှင်များ (အခမဲ့) လူမှုကူညီရေး အသင်းမှ ၀ိုင်းဝန်းဆယ်ယူနေကြောင်း သိရသည်။
"ကျွန်တော်တို့ အသင်းက အသင်းသား၊ အသင်းသူ (၄၀)ဦး ကနေပြီး စုပေါင်းပြီးတော့ ကန်ထဲက ငါးသေတွေကို ဆာလာအိတ်ထဲ ထည့်ပြီး စည်ပင်ကားပေါ် တင်ဖို့ လုပ်နေကြပါတယ်၊ မီးသတ်တပ်အဖွဲ့လည်း ရောက်လာကြပါတယ်..."ဟု နှလုံးလှပိုင်ရှင်များ(အခမဲ့) လူမှုကူညီရေးအသင်း(ကျိုင်းတုံ) ဥက္ကဌ ဦးကျော်သူအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
"ဆယ်ထားတဲ့ ငါးသေတွေကိုတော့ စည်ပင်သာယာက ကားနဲ့လာသယ်ပေးမယ်ပြောတယ်၊ သူတို့ အမှိုက်စွန့်ပစ်တဲ့နေရာမှာ သွားစွန့်ပစ်မှာနဲ့တူတယ်၊ မြေတူးပြီး မြုပ်ဖို့တော့များပါတယ်"ဟု ၎င်းမှ ဆက်လက်ပြောပြသည်။
ကျိုင်းတုံမြို့ နောင်တုံကန်မှာ သက်တမ်းကြာမြင့်ပြီဖြစ်ပြီး ဒေသအတွင်း ငါးစားသုံးမှုအား အထောက်ကူ ပြုလျှက်ရှိကာ နှစ်စဉ် အစိုးရမှ ပုဂ္ဂလိကသို့ ငါးထုတ်လုပ်ခွင့် လိုင်စင်ချပေးခဲ့ကြောင်း၊ ယခင် အချိန်က ဒေသတွင်းမှ ငါးစားသုံးမှုအဖြစ် နောင်တုံကန်အား အဓိက အားထားကာ စားသုံးခဲ့ရကြောင်း သိရသည်။
ဓါတ်ပုံ။ ။ ဦးကျော်သူအောင် ( ဥက္ကဌ - နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေး )
သတင်း။ ။ ကိုဇောင်း