ကွယ်လွန်သွားသည့် မျက်စိကင်ဆာဝေနာရှင်အတွက် MJA မှ လက်ကျန်အလှူငွေများ သွားရောက်ပေးအပ်

ကွယ်လွန်သွားသည့် မျက်စိကင်ဆာဝေနာရှင်အတွက် MJA မှ လက်ကျန်အလှူငွေများ သွားရောက်ပေးအပ်
ဇူလိုင် 23, 2015
By Tachileik News Agency

တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ အိမ်အမှတ် (၄/၁၄၃)တွင် နေထိုင်သူ အသက်(၃၄)နှစ်ရှိ ဒေါ်နန်းနွန်းသည် မျက်စိကင်ဆာ ရောဂါကို ခံစားနေရပြီးနောက် ၂၀၁၅ခုနှစ် ဇူလိုင်လ(၂၂)ရက် ညပိုင်းက ကွယ်လွန်သွားကြောင်း နှင့် ယနေ့ ဇူလိုင်လ(၂၃)ရက် နေ့လည်(၁)နာရီတွင် နေအိမ်မှ ပုံလို့လမ်းရှိ နဂါးနှစ်ကောင် ဆရာတော်လှူဒါန်းထားသော သုဿန်တွင် မီးသဂြို င်္ဟ်မှာဖြစ်ကြောင်း ဆန်ဆိုင်း(က)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဆင်မှ အသိပေးပြောကြားလာရာ စေတနာရှင်များမှ လှူဒါန်းထားသည့် လက်ကျန် အလှူငွေများကို မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရှမ်း/ရှေ့)မှ သွားရောက်ကာ အပ်နှံခဲ့ကြသည်။

( ကွယ်လွန်သူ ဒေါ်နန်းနွန်း )
မျက်စိကင်ဆာဝေဒနာရှင် ဖြစ်သူ ဒေါ်နန်းနွန်းသည် မျက်စိဝေဒနာကို ခံစားနေရပြီး ဆေးဝါးကုသရန်ကိုပင် မရနိုင်တော့သည့်အတွက် ၎င်း၏ ခင်ပွန်းသည် နေအိမ်တွင်း၌သာ နေစေပြီး တစ်နှစ်ကျော်အကြာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ဒေါ်နန်းနွန်းအတွက် တာချီလိတ်မြို့နယ်အတွင်းရှိ စေတနာရှင်များ၊ ပြည်မထဲမှ စေတနာရှင်များနှင့် ပြည်ပမှ စေတနာရှင်များလည်း လှူဒါန်းကြရာ ထိုင်းဘတ်ငွေ (၁)သိန်းဝန်းကျင်ရရှိခဲ့ကြောင်း နှင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရှမ်း/ရှေ့)မှ ၎င်း၏ သာရေး/နာရေးတွင် အသုံးပြုနိုင်ရန်နှင့် ၎င်းမရှိတော့သည့်အခါ ကျန်ရစ်သူများ အကျိုးရှိသည့်နေရာတွင် အသုံးပြုနိုင်ရန်အတွက် ကျန်ရှိသည့် ထိုင်းဘတ်ငွေ(၄၄၄၂၀)ဘတ် နှင့် မြန်မာကျပ်ငွေ (၅၆၅၀၀၀)ကျပ်တို့ကို လွှဲပြောင်းအပ်နှံပေးခြင်းဖြစ်သည်။

ထိုသို့ လွှဲပြောင်းအပ်နှံရာတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရှမ်း/ရှေ့)မှ ဥက္ကဌ ဦးအောင်ဖြိုးရှိန် နှင့် အတွင်းရေးမှူး ကိုဇောင်း(တာချီလိတ်သတင်းအေဂျင်စီ)တို့မှ ကျန်ရစ်သူ မိသားစုဝင်များထံ လက်ဝယ်အရောက် အပ်နှံပေးရာ ဆန်ဆိုင်း(က)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဆင် မှ ငွေလွှဲပြောင်း ပေးအပ်မှုကို လက်မှတ်ရေးထားကာ မိသားစုကိုယ်စား လက်ခံထားရှိပေးသည်။

"စေတနာရှင်များအနေနဲ့ သွားလှူတာရော ကျွန်တော်တို့နား တဆင့်လာလှူတာရောဆိုရင် ဘတ်(၁)သိန်းဝန်းကျင်လောက် ရှိပါတယ်၊ အခု ငွေတွေကတော့ ကျွန်တော်တို့နား လာလှူတဲ့ငွေတွေပါသလို၊ သူတို့ကို ပေးပြီး၊ ပျောက်ပျက်မှာစိုးလို့ သိမ်းဆည်းပေးထားတဲ့ လက်ကျန်ငွေတွေဖြစ်ပါတယ်၊ ဒီလက်ကျန် ငွေစာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရှေ့မှာပဲ လက်မှတ်ထိုးပြီး အပ်နှံလိုက်ပါတယ်၊ ကျွန်တော်တို့ ဘက်ကတော့ တတ်နိုင်တဲ့ဘက်က ကူညီတဲ့အပိုင်းပါ"ဟု မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရှမ်း/ရှေ့)မှ ဥက္ကဌ ဦးအောင်ဖြိုးရှိန် ရှင်းပြသည်။

"ကျွန်တော်တို့ အနေနဲ့ကတော့ ဒီငွေတွေကို လက်ခံသိမ်းဆည်းပေးသွားပြီးရင် လာမဲ့ ဇူလိုင်လ(၂၅)ရက် ရပ်ကွက် အစည်းအဝေးမှာ ရပ်မိရပ်ဖတွေနဲ့ ကျန်ရစ်သူ ကလေးတွေရဲ့ ပညာရေးကိစ္စတွေ၊ သင့်တော်မဲ့ အစီအမံများကို ဘယ်လိုလုပ်ရမလဲဆိုတာကို  ဆွေးနွေးတိုင်ပင်သွားမှာပါ၊ သူတို့ မိသားစုက အဆင်မပြေတော့ ဒီငွေနဲ့ ရေရှည်အတွက် ဘာဆက်လုပ်သွားမလဲဆိုတာကို အဖြေရှာပြီး ဆောင်ရွက်ပေးသွားမှာပါ..."ဟု ဆန်ဆိုင်း(က)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဆင်က ပြောသည်။

မျက်စိကင်ဆာရောဂါကို တစ်နှစ်ကျော်အကြာ ခံစားခဲ့ရပြီး ဇူလိုင်လ(၂၂)ရက်နေ့က ကွယ်လွန်သွားသော အသက်(၃၄)နှစ်ရှိ ဒေါ်နန်းနွန်းတွင် ကျောင်းနေရွယ် သမီး(၂)ဦးရှိပြီး ၎င်း၏ အိမ်ထောင်ဦးစီးဖြစ်သူ အမျိုးသားမှာလည်း နားမကြားသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~