တာချီလိတ်မြို့ အတွင်း မှုခင်းဆိုင်ရာ သတင်းအချက်အလက်များ လျင်မြန်စွာ ရရှိရန်နှင့် မှုခင်းကျဆင်းရေး ပညာပေး ဆွေးနွေးမှုအဖြစ် ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ်တက္ကစီပြေးဆွဲသူများနှင့် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးတို့ ယနေ့ ဇူလိုင်(၂၃)ရက်နေ့တွင် မြို့လယ်ဓမ္မာရုံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်တက္ကစီသမားတွေက အယောက်(၁၀၀၀)လောက်ရှိတယ်၊ လူပေါင်းစုံနဲ့ ထိတွေ့ရတော့ မှုခင်းနဲ့ဆိုင်တဲ့ သတင်း အချက်အလက်တွေကို ချက်ချင်းသိနိုင် ရရှိနိုင်တယ်၊ လူသတ်မှုတွေ ဖေါ်ထုတ်ရာမှာလည်း အထောက်အကူ များစွာရတယ်၊ ဒါကြောင့် ခင်ဗျားတို့ကို အားကိုးပါရစေ..”ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှမင်းမှ တွေ့ဆုံပွဲတွင် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်စနစ်မှ ကူးစက်လာသော အကျင့်ဆိုးများအား ယနေ့ ဒီမိုကရေစီခေတ်တွင် ပပျောက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်ဆင့် ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်း၊ ထို့ကြောင့် မှုခင်းဖြစ်ပွားမှုများ ကြိုတင် ကာကွယ် တားဆီးနိုင်ရန်နှင့် မှုခင်းကျဆင်းရန် ပြည်သူလူထုမှ ပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း ၎င်းမှ ဆက်လက်တိုက်တွန်းပြောကြားသည်။
တာချီလိတ်ခရိုင်၌ ၂၀၁၅ ခုနှစ်အတွင်း လူသတ်မှုပေါင်း (၁၁)မှုဖြစ်ပွားခဲ့ပြီး (၁၀)မှုအား ဖေါ်ထုတ်နိုင်ခဲ့ပြီး (၇)မှုအား တရားစွဲတင်ပို့ ထားလျှက်ရှိကြောင်း နှင့် ၎င်းတို့အနက် တာချီလိတ်မြို့မရဲစခန်းအပိုင် နယ်မြေအတွင်း ဖြစ်ပွားသော လူသတ်မှု(၇)မှုတွင် (၆)မှုအား ဖေါ်ထုတ်နိုင်ခဲ့ပြီး အသက်(၇)နှစ်အရွယ် ကလေးမလေးအား သတ်ဖြတ်၍ မယ်ဆိုင်ချောင်းအတွင်း ဆာလာအိတ်ဖြင့် ထည့်သွင်းစွန့်ပစ်သော အမှုသာ ဖေါ်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“ကလေးမလေးကို သတ်သွားတဲ့အမှုက ဘယ်လိုမှ ဖေါ်လို့မရသေးဘူး၊ သတင်းပေးသူကို ဆုငွေအဖြစ် ကျပ်သိန်း(၂၀) ချီးမြှင့်မယ်ဆိုတာတောင် မပေါ်သေးဘူး ကျွန်တော်တို့လည်း ပေါ်စေချင်ပါတယ်၊ ကြိုးစားဖေါ်ထုတ်နေလျှက်ရှိပါတယ်၊ ပြည်သူလူထုဘက်က ပူးပေါင်း ဖေါ်ထုတ်ဖို့လည်း အလွန် အရေးကြီးပါတယ်”ဟု တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်သန်းမှပြောသည်။
ဆိုင်ကယ်တက္ကစီသမားများအား မှုခင်းပညာပေး ဆွေးနွေးမှုတွင် တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၁၁၇)ယာဉ်ထိန်းတပ်ဖွဲ့မှူး ဒုရဲမှူး အောင်ကိုကိုမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ နှင့် ပတ်သက်၍ ရှင်းလင်းခဲ့ပြီး မှုခင်းဖြစ်ပွားမှုများအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်အတွင်း တာချီလိတ်မြို့တွင် ယာဉ်မတော်တဆ ထိခိုက်၍ သေဆုံးမှုများတွင် မော်တော်ဆိုင်ကယ်မောင်းသူများမှာ အရက်သေစာသောက်စား၍ မောင်းနှင်မှုကြောင့် သေဆုံးမှု များပြားကြောင်း သိရပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးမှုများမှာ ညပိုင်းတွင် အဖြစ်များကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။
အသိပညာပေးဆွေးနွေးပွဲအား ရွှေတာချီခရီးသွားလုပ်ငန်း ဥက္ကဌ ဦးစိုင်းကျော်ဇံ နှင့် တာဝန်ရှိသူများ အပါအ၀င် ဆိုင်ကယ်တက္ကစီမောင်းနှင်သူများ အသင်းသားများနှင့် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးတို့နှင့် မကာဟိုခမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။