အထက(တာချီလိတ်)၏ ဒုတိယကြိမ် ဆွမ်းလောင်းပွဲ၌ သံဃာတော်နှင့် သီလရှင် (၁၀၂၈)ပါး ကြွရောက်တော်မူ

အထက(တာချီလိတ်)၏ ဒုတိယကြိမ် ဆွမ်းလောင်းပွဲ၌ သံဃာတော်နှင့် သီလရှင် (၁၀၂၈)ပါး ကြွရောက်တော်မူ
ဇူလိုင် 27, 2015
By Tachileik News Agency

အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)မှ ဒုတိယအကြိမ်အဖြစ် ကြီးမှူးကျင်းပသည့် မြို့လုံးကျွတ် သံဃာကုန် ဆွမ်းလောင်းပွဲကို ယနေ့ ၂၀၁၅ခုနှစ် ဇူလိုင်လ(၂၇)ရက် နံနက်(၆)နာရီခွဲ အချိန်က အဆိုပါ ကျောင်းအတွင်းမှာပင် စုပေါင်းလောင်းလှူကြရာ ဆရာတော်၊ သံဃာတော်၊ ကိုရင် နှင့် သီလရှင် စုစုပေါင်း (၁၀၂၈)ပါး ကြွရောက်၍ ဆွမ်းဆန်စိမ်း အလှူခံတော်မူကြောင်း သိရသည်။

ယင်း ဆွမ်းလောင်းပွဲတော်တွင် မြို့နယ်ပညာရေးကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ အခြေခံပညာ အထက်တန်းကျောင်း(တာချီလိတ်)မှ ကျောင်းအုပ်ဆရာကြီး ဦးလှဝင်း နှင့် ပညာရေးဌာနမှ ထက်/လယ်/မူ သင်ကြားမှု ဆရာ၊ ဆရာမများ ၊ ကျောင်းသားကျောင်းသူများ နှင့် ကျောင်းသားမိဘများမှ ဆွမ်းဆန်စိမ်း လောင်းလှူကြသည်။

ယခုဆွမ်းလောင်းလှူပွဲတွင် ဆရာတော်၊ သံဃာတော် နှင့် ကိုရင် စုစုပေါင်း (၉၈၃)ပါး နှင့် သီလရှင် အပါအ၀င် (၄၅)ပါး စုစုပေါင်း (၁၀၂၈)ပါးတို့မှ ကြွရောက်၍ ဆွမ်းခံတော်မူကြရာ အလင်းရောင် ပရဟိတအသင်း နှင့် လူမှုရေးအသင်းအဖွဲ့များမှ မော်တော်ယာဉ်များဖြင့် ကြိုပို့အဖြစ် ဆောင်ရွက်ပေးကာ ကုသိုလ်ယူကြကြောင်း သိရသည်။

စုပေါင်းဆွမ်းလောင်းလှူပွဲပြီးသည့် နောက်တွင် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များတို့အား ဆွမ်းဆက်ကပ်လှူဒါန်းပြီး တာဝန်ရှိသူများနှင့် အလှူရှင်များမှ လှူဖွယ်အစုစုအတွက် တရားတော်နာယူကာ ရေစက်သွန်းချပြီး အမျှအတန်းပေးဝေခဲ့ကြသည်။

အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)မှ ကြီးမှူးကျင်းပသည့် ဆွမ်းလောင်းလှူပွဲ၏ ပထမအကြိမ်ကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ  ဆရာတော်၊ သံဃာတော်၊ ကိုရင် နှင့် သီလရှင် စုစုပေါင်း အပါး(၇၀၀)ကျော် ကြွရောက်တော်မူခဲ့ပြီး ယခု ဒုတိယအကြိမ်တွင် ယခင်အကြိမ်ထက် များပြားခဲ့ရာ ဆရာတော်၊ သံဃာတော်၊ ကိုရင် နှင့် သီလရှင် စုစုပေါင်း (၁၀၂၈)ပါး ကြွရောက်တော်မူကြောင်း သိရှိရသည်။

ဓါတ်ပုံ။  ။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~