မိုးတွင်းအချိန်အခါ ရေစီးရေလာ ကောင်းမွန်ရေး ကြိုတင်ပြင်ဆင်နေ

မိုးတွင်းအချိန်အခါ ရေစီးရေလာ ကောင်းမွန်ရေး ကြိုတင်ပြင်ဆင်နေ
ဇူလိုင် 30, 2015
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မိုးတွင်းကာလ၌ ရေကြီး၊ ရေလျှံခြင်းမှ ကြိုတင်ကာကွယ်မှုအဖြစ် ရေချောင်းများ ရေစီးရေလာကောင်းမွန်ပြီး၊ မြို့သန့်ရှင်း သာယာလှပရေး အတွက် မြို့ပေါ်ရပ်ကွက်များရှိ ရေချောင်းများ၊ လမ်းဘေးဝဲယာ ရေနှုတ်မြောင်းများ၊ လမ်းဖြတ်ရေမြောင်းများနှင့် ချောင်းကူးတံတား တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ် (၃၀၉၀၀၀၀)ဖြင့် အရှည်(၂၆၄၀)ပေရှိ ဆန်ဆိုင်းချောင်းနုန်းဆယ်ခြင်း၊ ငွေကျပ်(၁၀)သိန်းဖြင့် တာလော့ အခြေခံပညာ မူလတန်းလွန်ကျောင်း ၀င်းအတွင်း ရေနှုတ်မြောင်းနုန်းဆယ်ခြင်း၊ ငွေကျပ်(၂၅)သိန်းဖြင့် အရှည်(၁၅၀၀)ပေရှိ သရဖီလမ်းဘေး ၀ဲ၊ ယာ ရေနှုတ်မြောင်း နုန်းဆယ်ခြင်း၊ ငွေကျပ်(၄၆၃၀၀၀၀)ဖြင့် တာချီလိတ် - မိုင်းဆတ်သွား လမ်းတွင် အရှည် (၂၅)ပေ၊ အကျယ်(၆)ပေ၊ အနက်(၄)ပေရှိ လမ်းဖြတ်ရေမြောင်း ပြုလုပ်ခြင်း နှင့် ငွေကျပ် (၂၈၅၄၅၀၀၀)ဖြင့် ရန်အောင်မြေရပ်ကွက်နှင့် မယ်ခေါင်ရပ်ကွက် ဆက်သွယ်သည့် အရှည်(၃၀)ပေ၊အကျယ်(၁၈)ပေ၊ အမြင့်(၁၀)ပေ ရှိ သံကူကွန်ကရစ် အမျိုးအစား မယ်ခေါင်ချောင်းကူးတံတား တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေမှုအား ဇူလိုင်လ (၂၈)ရက်၊ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ ဦးကျော်ဇင် နှင့် အဖွဲ့ဝင်များဖြစ်သည့် ဦးစိုင်းလုံမား၊ ဦးမြင့်ဦး၊ ဦးထိန်မင်း ၊ မြို့နယ် စည်ပင်သာယာရေးဌာန မှ အင်ဂျင်နီယာမှူး ဦးလှမျိုး နှင့် အငယ်တန်း အင်ဂျင်နီယာ(၂) ဦးစိုင်းဝန်းလှိုင်းတို့က လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်း။  ။ ဝေယံလင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~