ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ များအား မီးလောင်မှု၊ မီးလန့်မှုများ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အရန်မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နှင့် နိုင်ငံတော်၏ အရန်အင်အား အဖြစ် လေ့ကျင့်ဖွဲ့စည်းတည်ဆောက်ရန် ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယနေ့ သြဂုတ်(၃)ရက်၊ နံနက်(၉)နာရီ အချိန်က ဆန်ဆိုင်း (ခ)ရပ်ကွက်ရှိ အဆိုပါ ဦးစီးဌာနရုံးရှိ ခန်းမဆောင်၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မီးသတ်ဦးစီးဌာန ၏ ရည်မှန်းချက် (၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး ၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် လုပ်ငန်းများနှင့် အညီ မီးသတ်တပ်ဖွဲ့ကို နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသား လုပ်သားပြည်သူများ၏ အသက်အိုးအိမ် ပစ္စည်းများ၊ နိုင်ငံတော်ပိုင်ကုန်ထုတ် အရင်းအနှီးများ၊ အဆောက်အဦများကို မီးဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်နိုင်ရန် ၊ သဘာဝအလျောက် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များကို ပြည်သူလူထု၊ လူမှုအသိုက်အ၀န်းများနှင့် ပူးပေါင်းပြီး ကာကွယ်တားဆီးစောင့်ရှောက်ရန် နှင့် နိုင်ငံတော်၏ အရန် အင်အားအဖြစ် လေ့ကျင့်ဖွဲ့စည်း တည်ဆောက်ရန်ဆိုသည့် မွန်မြတ်မြင့်မားသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့အတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏ ကိုယ်စိတ်နှစ်ပါး ချမ်းသာမှုရအောင် လုပ်ဆောင်ပေးရန် ဟူသည့် ပြည်သူကို ဦးစားပေးသည့် မူဝါဒ နှင့်အညီ ပြည်သူလူထု ယုံကြည် ရသည့် မီးသတ်တပ်ဖွဲ့ဖြစ်စေရေးအတွက် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အညီ စည်းလုံးညီညွတ်စွာ ပြည်သူ့အကျိုးပြု ရှေးရှုဆောင်ရွက်ကြရန် ထည့်သွင်း ပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးအောင်ကျော်နိုင် နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ မှ အဖွဲ့ဝင်များ၊ မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်သည်။
ယင်း သင်တန်းအား ၃-၈-၂၀၁၅ ရက်နေ့မှ ၂၈ - ၈ -၂၀၁၅ ရက်နေ့အထိ ဖွင့်လှစ် သင်ကြား သွားမည်ဖြစ်ပြီး၊ မြို့ပေါ် ရပ်ကွက်(၁၁)ရပ်ကွက်မှ သင်တန်းသား (၅၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
သတင်း။ ။ ဝေယံလင်း