မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုများကြောင့် ခံစားနေရသော ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်နိုင်ရန် အတွက် ထိုင်းတပ်မတော်နှင့် ပြည်သူများမှ လှူဒါန်းလာသည့် ပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နှင့် မယ်ဆိုင်မြို့မှ ဒေသအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက ယနေ့ သြဂုတ်လ(၄)ရက် နံနက်(၁၁)နာရီ(၁)နာရီအချိန်က လာရောက်လှူဒါန်းရာ မြန်မာဘက်မှ ဒေသအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားဘေးရှိ ရွှေနန်းတော်ကုန်တိုက်တွင် လက်ခံရယူခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဖုန်ဆပ်ဝပ်စမို့ ဦးဆောင်သည့် အဖွဲ့မှ လာရောက်လှူဒါန်းရာ မြန်မာဘက်မှ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် အဖွဲ့မှ ရေဘေးသင့်ပြည်သူများကိုယ်စား လက်ခံခဲ့ကြသည်။
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ လှူဒါန်းရင်း ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက တာချီလိတ်မြို့တွင် ယနေ့ သြဂုတ်လ(၄)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုနှင့် ပတ်သက်၍ ၎င်းတို့အနေဖြင့် အကူအညီပေးရန် လိုအပ်ပါက ကူညီပေးသွားမည် ဖြစ်ကြောင်း နှင့် ရေကြီးရေလျှံမှုသည် ယခုထက်ပို၍ ဖြစ်ပေါ်လာပါက စက်ယန္တာရားများဖြင့်လည်း ကူညီပေးသွားမည် ဖြစ်ကြောင်း၎င်းမှ ကမ်းလှမ်းပြောဆိုသည်။