တာချီလိတ်ခရိုင်အတွင်း သြဂုတ်လ(၄)ရက်နေ့သို့အကူးတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တာချီလိတ် - တာလေ လမ်း၏ ကီလိုတိုင် (၁၃၉) နှင့် (၁၄၀)ကြားရှိ ဧဒင်ရွာမှ မယ်ဟုတ်တံတားသို့အသွား လမ်းမပေါ်တွင် လမ်းရေတိုက်စားသွားသည်ဖြစ်ပြီး ညနေပိုင်းတွင် အဆိုပါ လမ်းအား လုံးဝအသုံးပြု၍ မသင့်တော့ဘဲ ပိတ်ထားလိုက်ရကြောင်း သိရသည်။
တာချီလိတ် - တာလေ - ကျိုင်းတုံ သို့ သွားရောက်မည်ဆိုပါက ယခုလမ်းတွင် သွားရောက်ရန် မရတော့သည့်အတွက် တာချီလိတ်မြို့ စက်မှုဇုံလမ်းမှတဆင့် ဦးထွန်းအောင်တံတားဘက်မှ ဖြတ်သန်းကာ ပတ်လမ်းမှ သွားရတော့မှာဖြစ်ကြောင်း သိရသည်။
စက်မှုဇုံလမ်းရှိ ၀ါးတားဂိတ်တွင် ယာဉ်ဖြတ်သန်းသွားလာခ ပေးဆောင်ရသည့် အတွက် ယခု သဘာဝဘေးကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စဖြစ်သည့်အတွက် ယာဉ်ဖြတ်သန်းသွားလာခ ကောက်ခံခြင်း ကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ခရိုင်စီမံခန့်ခွဲမှုကော်မတီ မှ သိရသည်။