တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ကိုင်းကျေးရွာတွင် သြဂုတ်လ(၄)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေလျှံမှုမှ ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ခြင်းအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှမင်း နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် တာဝန်ရှိသူများ တပ်ရင်းတပ်ဖွဲ့များ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များ ပူးပေါင်း၍ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေဘေးသင့် ပြည်သူများအား နမ့်ကိုင်းဘုန်း တော်ကြီးကျောင်း၌ ယာယီကယ်ဆယ်ရေး စခန်းအား ဖွင့်လှစ်ထားကာ သြဂုတ်လ(၅)ရက်နေ့တွင် ကျိုင်းလပ်မြို့ရှိ ဌာနဆိုင်ရာများနှင့် အလှူရှင်များက အ၀တ် အထည်များ၊ စားသောက်ဖွယ်ရာများကိုထောက်ပံ့ပေးသည်။
သြဂုတ်လ(၆)ရက်နေ့တွင် တာချီလိတ်မှ ပေးပို့သည့် ပစ္စည်းများနှင့် စားသောက် ဖွယ်ရာများကို ဆက်လက်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
သတင်း/ဓါတ်ပုံ။ ။ ဝေယံလင်း