ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ရှိ စေတနာရှင် အလှူရှင်များ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ အနယ်နယ် အရပ်ရပ်မှ အလှူရှင်များနှင့် ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော်တို့က မြန်မာနိုင်ငံတစ်ဝန်းရှိ ရေဘေးသင့် ဒေသများမှ ပြည်သူများ အတွက် လှူဒါန်းထားသည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများအား သြဂုတ်လ(၉)ရက်၊ နံနက်(၁၀)နာရီခွဲ အချိန်က မော်တော်ယာဉ်များဖြင့် သွားရောက်လျက်ရှိရာ ကျိုင်းတုံ နှင့် မိုင်းပျင်းမြို့ရှိ စေတနာရှင်များမှလည်း စုပေါင်း ထည့်ဝင်လှူဒါန်းကြကြောင်း သိရသည်။
သြဂုတ်(၉)ရက် ညနေပိုင်းက ကျိုင်းတုံမြို့သို့ ရောက်ရှိရာ ကျိုင်းတုံအွန်လိုင်းမိတ်ဆွေများမှ စုပေါင်းကာ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းလာသော အ၀တ်အစား ဘေထုတ် (၂၄)ထုပ်၊ အမျိုးသမီးလစဉ်သုံး (၁)ဖာ၊ အိမ်သုံးဆေး (၁)ဖာ၊ ဖိနပ် အသစ် (၂)အိတ်၊ ပဲနို့ရည်(၁၀)ဖာ၊ ကိတ်မုန့် (၁)ဖာ၊ မာမားခေါက်ဆွဲ (၉)ဖာနှင့် ငွေသား (၄၅၈၀၀၀)ကျပ်တို့ကို ထောက်ပံ့ရေးအဖွဲ့မှ လက်ခံခဲ့ကြသည်။
ဆက်လက်၍ ကျိုင်းတုံမှ တဆင့် မိုင်းပျဉ်းသို့ ရောက်ရှိရာ ည(၉)နာရီကျော်တွင် မိုင်းပျဉ်းလူငယ် ပရဟိတအသင်းမှ အသင်းသူ/သားများက ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းလာသော အ၀တ်အထည် (၂၄)ထုပ်၊ ဆန်(၂)အိတ်၊ ကုလားပဲ(၁)အိတ်၊ ငါးသေတ္တာ (၁)ဖာ၊ ခေါက်ဆွဲ ဖာသေး(၉)ဖာ နှင့် ကျပ်ငွေ (၂၈၄၀၀၀၀)ကျပ်တို့ကို ထောက်ပံ့ရေးအဖွဲ့မှ လက်ခံရယူကာ ခရီးဆက်လက် ထွက်ခွာသွားကြောင်း သိရသည်။
ယင်းထောက်ပံ့ ပစ္စည်းများ သွားရောက်လှူဒါန်းမှုကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးအောင်ဖြိုးရှိန် ဦးဆောင်ပြီး ၊ စေတနာရှင် အလှူရှင်များကိုယ်စား အင်အား(၂၀)ဦးတို့ပါဝင်သည့် အဖွဲ့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် ကောလင်းမြို့ ၊ ချင်းပြည်နယ် ဟားခါးမြို့၊ မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့တို့အထိ သွားရောက်ထောက်ပံ့လှူဒါန်းမည်ဖြစ်ကြောင်းနှင့် စားသောက်ဖွယ်ရာများ ၊ အသုံးအဆောင်ပစ္စည်းများ၊ အ၀တ်အထည်များ နှင့် အလှူငွေများကို အလှူခံဌာနများဖြစ်သည့် ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက် ၊ ဗယ်လင်တိုင်း (ကဖေးနှင့်အအေး) စားသောက်ဆိုင်နှင့် သူရိယ သင်္ကန်းတိုက် တို့တွင် လက်ခံထားသည့် ပစ္စည်းများဖြင့် အဓိကထားကာ သွားရောက် ထောက်ပံ့တာဖြစ်ကြောင်း သိရသည်။