တာချီလိတ်စက်ဘီးအသင်း နှင့် နှလုံးလှညီညွှတ်မှုအဖွဲ့သားများမှ ဘတ်(၂)သိန်းခွဲကျော်ဖို့ ကျိုင်းလပ်ရေဘေးသို့ သွားရောက် ထောက်ပံ့

တာချီလိတ်စက်ဘီးအသင်း နှင့် နှလုံးလှညီညွှတ်မှုအဖွဲ့သားများမှ ဘတ်(၂)သိန်းခွဲကျော်ဖို့ ကျိုင်းလပ်ရေဘေးသို့ သွားရောက် ထောက်ပံ့
သြဂုတ် 10, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့ရှိ ကျေးရွာများတွင် သြဂုတ်လ(၄)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် နေအိမ်များ ရေနှင့်အတူ မျောပါသွားခြင်း၊ နစ်မြုပ်သွားခြင်းနှင့် ယိုင်သွားခြင်း စသည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရေဘေးသင့် ပြည်သူများအား တာချီလိတ်စက်ဘီးအသင်း နှင့် နှလုံးလှညီညွှတ်မှုအဖွဲ့သားများမှ စုပေါင်းကာ ထိုင်းဘတ်ငွေ (၂)သိန်းခွဲကျော် တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများ နှင့် ငွေသားများကို ယနေ့ သြဂုတ်လ(၁၀)ရက်နေ့တွင် လက်ဝယ်အရောက် သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

"တံတားအကြီးက ကားတွေ သွားမရတာနဲ့ နမ့်ကိုင်းရွာကို ထော်လာဂျီ (၆)စီးနဲ့ ပစ္စည်းတွေကို တင်တယ်၊ အဖွဲ့သားတွေကတော့ လမ်းလျှောက်သွားကြတယ်၊ နောက်ပြီးမှ ထော်လာဂျီနဲ့ ပြန်လာကြိုတယ်၊ နမ့်ကိုင်းဘုန်းကြီးကျောင်းထဲမှာတော့ ကူလုပ်ပေးနေတဲ့ ၀န်ထမ်းတွေနဲ့ ပစ္စည်းတွေ အများကြီးတွေ့တယ်၊ ကျွန်တော်တို့ အဖွဲ့က ကိုယ်တိုင်လှူမှာ၊ တစ်အိမ်ထောင်တစ်စုစာ အစုံထည့်ထားပြီးသား လှူမှာဆိုပြီး သွားပြောလိုက်တယ်၊ စာရင်းလည်း ပေးခဲ့ပြီး ရေဘေးသင့်ပြည်သူများကို လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါတယ်.."ဟု တာချီလိတ်​စက်​ဘီးအသင်းမှ ဒုတိယ​ခေါင်း​ဆောင်​ ကိုထွန်းဝင်းမှ ပြောပြသည်။

"နောက်ပြီး တစ်အိမ်ထောင်စုကို ဘတ်(၅၀၀)စီ၊ စုစုပေါင်း ဘတ်(၅၀၀၀၀)ကိုလည်း တစ်အိမ်ထောင်စု လက်ဝယ်အရောက် ပေးအပ်ထောက်ပံ့ခဲ့ပါသေးတယ်..."ဟု ၎င်းမှ ဆက်လက်ရှင်းပြသည်။

ထိုသို့ သွားရောက် ထောက်ပံ့လှူဒါန်းရာတွင် အိုးခွက်၊ ပန်းကန်၊ မာမားခေါက်ဆွဲ၊ သောက်ရေသန့်၊ ပဲနို့ရည်၊ အ၀တ်အထည်၊ ခြင်ထောင် နှင့် စောင်၊ ရေခဲပုံးသေး၊ ငါးသေတ္တာတို့ ပါဝင်ရာ စုစုပေါင်း တန်ဖိုးငွေမှာ ထိုင်းဘတ်ငွေ(၂)သိန်းကျော်ကြောင်း နှင့် ထောက်ပံ့ငွေမှာ (၅၀၀၀၀)ဘတ်ရှိရာ စုစုပေါင်း ထိုင်းဘတ်(၂)သိန်းခွဲကျော်ကြောင်း အပြင် ပြန်လည်တည်ထောင်ရေးအစီစဉ်များတွင်လည်း ထပ်မံသွားရောက်ကာ ကူညီသွားဖို့ရှိကြောင်း  သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~