ကျိုင်းလပ်မြို့ ကျေးရွာများရှိ ရေဘေးသင့် ပြည်သူများအတွက် ပြန်လည် ထူထောင်ရေး အထူးဆွေးနွေး

ကျိုင်းလပ်မြို့ ကျေးရွာများရှိ ရေဘေးသင့် ပြည်သူများအတွက် ပြန်လည် ထူထောင်ရေး အထူးဆွေးနွေး
သြဂုတ် 10, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်း သည် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု နှင့် နမ့်ခင်းကျေးရွာအုပ်စုများရှိ ရေဘေးသင့် ကျေးရွာများမှ ပျက်စီးဆုံးရှုံးသွားသည့် လူနေအိမ်ခြေများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ လမ်း၊ တံတားများအား မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရေး အတွက် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ သြဂုတ်လ (၁၀)ရက်၊ မွန်းလွဲ(၁)နာရီ အချိန်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဦး၊ တွဲဖက်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းကျော်၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ကြက်ခြေနီ နှင့်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူးက အဖွင့်အမှာစကားပြောကြားရာ ပြည်နယ်အစိုးရ အဖွဲ့ကိုယ်စား တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ရှိ ကျေးရွာများ၊ မိုင်းယောင်းမြို့နယ်ရှိ ကျေးရွာများ၊ မိုင်းတုံ မြို့နယ်ရှိ ကျေးရွာများမှ လူနေအိမ်အဆောက်အဦများ၊ စာသင်ကျောင်းများ၊ လမ်း၊ တံတားများ၊ ကျွဲ၊ နွား တိရစ္ဆာန်များ ၊ လယ်ယာမြေများ၊ ယာဉ်များ နှင့် အခြားပျက်စီးဆုံးရှုံးမှုအား စာရင်းပြုစုတင်ပြနိုင်ရန် ၊ ကယ်ဆယ် ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလှမင်းက ရေကြီးရေလျှံဖြစ်ပွားပြီး ပျက်စီး ဆုံးရှုံးမှုအခြေ အနေများနှင့် ကယ်ဆယ်ထောက်ပံ့ရေး ဆောင်ရွက်နိုင်မှုများ၊ လမ်း၊ တံတားများ ယာယီ ပြုပြင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကျန်းမာရေးစောင့်ရှောက်ပေး ထားမှု အခြေအနေများကို အကျယ်တ၀င့် ရှင်းလင်းတင်ပြသည်။ 

ဆက်လက်၍ ဌာနဆိုင်ရာများက မိမိတို့ ၏ ဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မိုင်းဆတ် ခရိုင် နှင့် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးများက ခရိုင်အတွင်း ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးများ အခြေအနေများကို လည်းကောင်း၊ တွဲဖက်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးက ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးက ကယ်ဆယ်ထောက်ပံ့ရေး ဆောင်ရွက်နိုင်မှုများ၊ ရေရှည်ထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းများအဖြစ် ဆောင်ရွက်သင့်သည်များ၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ရေသန့်စင်စက်လိုအပ်မှု၊ ကျေးရွာများရှိ ရေပိုက်များလိုအပ်မှု၊ ရေချောင်းများ ရေစီး ရေလာ ကောင်မွန်ရေးပြုပြင်ခြင်း၊ လယ်မြေများပြန်လည်ပြုပြင်နိုင်ရေး စက်ယန္တရားလိုအပ်မှု၊ မျိုးစပါးများပြန်လည် ထောက်ပံ့ပေးနိုင်ရေး၊ မီးရရှိရေးအတွက်လိုအပ်မှု၊ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ပေးနိုင်ရေး၊ ရေမျောသစ်များအား ဥပဒေနဲ့အညီ အသုံးပြုနိုင်ရေး၊ ကျေးရွာလူနေအိမ်များမှာ မြေနိမ့်ပိုင်းတွင် တည်ရှိနေမှုအတွက် ပြောင်းရွှေ့စီစဉ်ပေးနိုင်ရေးကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးက ကယ်ဆယ် ရေးလုပ်ငန်းနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး စီမံချက်ရေးဆွဲ ဆောင်ရွက်ရန် ကိုလည်းကောင်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးက မီးရရှိရေးနှင့်မိလ္လာစနစ်ကောင်း မွန်ရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ လည်းကောင်း ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြည်နယ်ရဲတပ်ဖွဲ့မှူးက ကယ်ဆယ်ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင် ရွက်ရာတွင် ချက်ချင်း၊ ရေတို၊ ရေရှည် အဖြစ် ထည့်သွင်းစဉ်းစားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ကျေးရွာများ နဂိုမူလ အခြေအနေရောက်ရှိအောင် ဆောင်ရွက်ရာတွင် ၎င်းတို့၏ မူလလုပ်ကိုင်သည့် လုပ်ငန်းမျိုးအား ပြန်လည်စီစဉ်ဆောင် ရွက်သင့်ကြောင်း၊ အလုပ် အကိုင်အခွင့်အလမ်းများရရှိစေမည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ရေရှည်တည်တံ့ အောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းများအား စီမံချက်ဇယားဖြင့် လျာထားဆောင်ရွက်သင့် ကြောင်း၊ ထို့အပြင် တယ်လီဖုန်းဆက်သွယ်မှုကောင်းမွန်ရန် နှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးစသည့် ဆက်သွယ်ရေးစနစ် ကောင်းမွန်ရေး အတွက် လုပ်ငန်းများစပ်လျဉ်းပြီး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် နိဂုံးချုပ် ပြောကြားသည်။

အဆိုပါ ကျိုင်းလပ်မြို့၊ ကျေးရွာအုပ်စုများမှ ကျေးရွာများတွင် သြဂုတ်(၉)ရက်နေ့အထိ ပြိုကျပျက်စီး၊ ယိုင်လဲ နှင့် ရေ၀င်ရောက်သည့် လူနေအိမ်(၈၆)လုံး တန်ဖိုးအားဖြင့် (၁၅၈၄)သိန်း၊ တံတား(၉)စင်း၊ စာသင်ကျောင်းဆောင် (၃)ဆောင်၊ လယ်ဧက(၂၀၀) အပါအ၀င် စုစုပေါင်း တန်ဖိုး(၂၅၉၈)သိန်းခန့်ရှိပြီး၊ စေတနာရှင်အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းမှုအဖြစ် စားသောက်ဖွယ်ရာများ၊ အ၀တ်အထည်များ၊ အသုံးအဆောင် ပစ္စည်းများ၊ ဘိလပ်မြေအိတ်(၂၀၀)နှင့် အလှူငွေများ အပါဝင် စုစုပေါင်း ငွေကျပ်(၇၈,၆၆၆,၅၉၀)ခန့် ဖြစ်ကြောင်း သိရသည်။

သတင်း။  ။ ဝေယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~ကြော်ငြာ ~~~~~~~