တာချီလိတ်မှ ထွက်ခွာသွားသည့် ရေဘေးထောက်ပံ့ရေးအဖွဲ့ ဧရာဝတီမြစ်​အတိုင်း ဆန်​တက်​ရန် ပြင်ဆင်

တာချီလိတ်မှ ထွက်ခွာသွားသည့် ရေဘေးထောက်ပံ့ရေးအဖွဲ့ ဧရာဝတီမြစ်​အတိုင်း ဆန်​တက်​ရန် ပြင်ဆင်
သြဂုတ် 12, 2015
By Tachileik News Agency

တာချီလိတ်မြို့ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက် ၊ ဗယ်လင်တိုင်း (ကဖေးနှင့်အအေး) စားသောက်ဆိုင်နှင့် သူရိယ သင်္ကန်းတိုက် တို့တွင် လာရောက်လှူဒါန်းထားကြသည့် ထောက်ပံ့ပစ္စည်းများနှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်းရှိ မြန်မာနိုင်ငံသားများ ဖွဲ့စည်းထားသည့် လူမှုရေးအသင်းအဖွဲ့များ၊ ထိုင်းရောက် မြန်မာနိုင်ငံသားများ၊ ထိုင်းလူမျိုးများ လှူဒါန်းထားကြပြီး စုစုပေါင်း တန်ဖိုး ကျပ်သိန်း(၁၀၀၀)ကျော်ဖိုး တန်ဖိုးရှိသည့် ထောက်ပံ့ပစ္စည်းများကို သယ်ဆောင်သွားသော တာချီလိတ်မှ အဖွဲ့သည် မကွေးတိုင်း ဒေသကြီးသို့ ရောက်ရှိနေပြီဖြစ်ပြီး မုန်းချောင်းရေ၊ မြစ်ရေနစ်မြုပ်သည့် ကျေးရွာများသို့ ဆက်လက်ထွက်ခွာ သွားရောက် ထောက်ပံ့ရန်အတွက် ကပ်ကျော်ကမ္ဘာအေးဝိပဿနာဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော်နှင့် တိုင်ပင်ဆွေးနွေးပြီး ပြင်ဆင်နေကြပြီဖြစ်ကြောင်း သိရသည်။

"အိမ်ထောင်စု (၆၇၀)ကျော်အတွက်၊ ခုံစုရွာ၊ သနပ်ပင်စုရွာ၊ ကျောင်းကုန်းရွာ စုစုပေါင်း (၃)ရွာပေါင်းကို သွားရောက် ထောက်ပံ့ဖို့အတွက် နံနက်(၆)နာရီမှာ ဒီကစထွက်မှာပါ၊ မ​ကွေးတစ်​ဖက်​ကမ်း မင်းဘူးက​နေ ပဲ့​ထောင်​နဲ့ တစ်​နာရီလောက်​ ဧရာဝတီမြစ်​အတိုင်း ဆန်​တက်​ရမှာ..​"ဟု သွားရောက်ထောက်ပံ့သည့် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက သြဂုတ်လ(၁၁)ရက်နေ့က ဖုန်းဖြင့်ဆက်သွယ် ပြောပြသည်။

"တာချီလိတ်ကနေ ထွက်ထွက်ခြင်း၊ ကျိုင်းတုံ၊ မိုင်းပျဉ်းက လှူလိုက်တဲ့ ပစ္စည်းတွေကိုလည်း တစ်အိမ်ထောင်စုစာစီ အတွက် ထပ်မံထုပ်ပိုးနေတယ်၊ ကပ်ကျော်ကမ္ဘာအေးဝိပဿနာဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော်နဲ့ တိုင်ပင်ပြီး အမှန်တကယ် လိုအပ်နေတဲ့ ရွာတွေကိုပဲ စိစစ်ပြီး သွားရောက် ထောက်ပံ့မှာပါ.."ဟု ၎င်းမှ ဆက်လက်ပြောပြသည်။

ယခု ထောက်ပံ့ပစ္စည်းများသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်းရှိ မြန်မာနိုင်ငံသားများ ဖွဲ့စည်းထားသည့် လူမှုရေးအသင်းအဖွဲ့များ၊ ထိုင်းရောက် မြန်မာနိုင်ငံသားများ၊ ထိုင်းလူမျိုးများ နှင့် တာချီလိတ်ရှိ စေတနာရှင်များ၊ ရပ်နီးရပ်ဝေးမှ စေတနာရှင်များ၏ လှူဒါန်းထောက်ပံ့ထားသည့် ပစ္စည်းများ အဓိက အပါအ၀င်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~