ရေဘေးသင့်ပြည်သူများအတွက် စာအုပ်ကြိုက်သလောက်ယူ ငွေကြိုက်သလောက်ပေး

ရေဘေးသင့်ပြည်သူများအတွက် စာအုပ်ကြိုက်သလောက်ယူ ငွေကြိုက်သလောက်ပေး
သြဂုတ် 12, 2015
By Tachileik News Agency

တာချီလိတ်ခရိုင် ကျိုင်းလပ်ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရာတွင် ထောက်ပံ့လှူဒါန်းနိုင်ရန် စာအုပ်နှင့်ငွေကြေးလဲလှယ်မှု တရပ်အဖြစ် စာအုပ်ကြိုက်သလောက်ယူ၊ ငွေကြိုက်သလောက်ပေး စာအုပ်ရောင်းပွဲတော်ကို တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ယနေ့ သြဂုတ်လ(၁၂)ရက်မှ (၁၅)ရက်နေ့အထိ နံနက်(၁၀)နာရီမှ ည(၈)နာရီအချိန်ထိ ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

ယခုလို စာအုပ်များကို ရေဘေးသင့်ပြည်သူများအတွက် ရောင်းချနိုင်ရန်အတွက် စာရေးဆရာ သွန်းနေစိုး ( ဒဿကျော်စွာ )မှ ၎င်းရေးသား ထုတ်ဝေထားသည့် စာအုပ်များကို ပံ့ပိုး လှူဒါန်းပေးထားပြီး တာချီလိတ်မြို့ ဗယ်လင်တိုင်း & နိုင်းနိုင်း ( ကဖေး နှင့် အအေး ) စားသောက်ဆိုင်မှ မေတ္တာရှင်စာအုပ်နှင့် အခြားစာအုပ်များကို ပံ့ပိုးလှူဒါန်းပေးထားကြောင်း သိရသည်။

စာအုပ်များကို ရောင်းချရာတွင် လူတစ်ဦး တစ်ယောက် အနေဖြင့် ကြိုက်သလောက် ယူနိုင်ပြီး၊ ငွေကြေးကိုလည်း တန်ဖိုးသတ်မှတ်ထားခြင်းမရှိဘဲ၊ မိမိတို့ စေတနာရှိသလောက် ပေးနိုင်မည်ဖြစ်ပြီး ရရှိလာသော ငွေကြေးများ အားလုံးသည် တာချီလိတ်ခရိုင် ကျိုင်းလပ်ရေဘေးသင့်ပြည်သူများအတွက်သာ အထူးရည်ရွယ်တာ ဖြစ်ကြောင်း သိရသည်။

စာအုပ်ရောင်းပွဲတော်တွင် စာအုပ်များကို လာရောက်ဝယ်ယူနိုင်သလို၊ အလှူသဘောအနေဖြင့် မိမိတို့မှာ ရှိသည့်စာအုပ်များကိုလည်း လာရောက်လှူဒါန်းနိုင်မှာဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~