ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာ အရည် အသွေး ပိုမိုမြင့်မားလာစေရန်၊ ပြည်သူလူထုထံမှ ထည့်ဝင်ငွေပမာဏကို လျှော့ချနိုင်စေရန် နှင့် အခြေခံပညာ ကျောင်းများ၏ အရည်အသွေးမီ သင်ကြားသင်ယူမှု ပတ်ဝန်းကျင် ဖြစ်ထွန်းပေါ်ပေါက် လာစေရန် ရည်ရွယ်သည့် ကျောင်းဖွံ့ဖြိုးမှု စီမံချက်အရ ကျောင်းထောက်ပံ့ကြေး ကော်မတီ၏ ကျောင်းထောက်ပံ့ကြေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ (၁၁)ရက်၊ မွန်းလွဲ(၂)နာရီက အဆိုပါကျောင်းရှိ ရုံးခန်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးလှဝင်းက ကျောင်းထောက်ပံ့ကြေးဆိုင်ရာ ရည်ရွယ်ချက်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်၊ ကျောင်းထောက်ပံ့ကြေး ခွဲဝေချထားပေးမှုနှင့် ငွေစာရင်းခေါင်းစဉ်အလိုက် လျာထားမှု အခြေအနေများ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားဦးရေ နှင့် ဆရာ၊ ဆရာမအင်အား အခြေအနေများ၊ ကျောင်းဆောင်များ၊ စာသင်ခန်း၊ ပရိဘောဂလုံလောက်မှုနှင့် လိုအပ်မှု၊ သန့်စင်ခန်း လိုအပ်မှု၊ သောက်သုံးရေရရှိမှု နှင့် ပြုပြင်လိုအပ်မှုများ၊ စေတနာရှင်အလှူရှင်၏ လှူဒါန်းမှုဖြင့် ရေစီး ရေလာကောင်းမွန်ရေး ရေမြောင်းများ ဆောင်ရွက်ထားရှိမှု၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ရန် ကျန်ရှိနေမှုများ၊ သင်ထောက်ကူ ပစ္စည်းပြည့်စုံမှု အခြေအနေ၊ ကျောင်းစာကြည့်တိုက်အား ကျောင်းသား၊ ကျောင်းသူ များ အသုံးပြုမှု အခြေအနေ နှင့် လိုအပ်မှု၊ ၂၀၁၅ခုနှစ်အတွင်း စတုထ္ထတန်း၊ အဋ္ဌမတန်း နှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများ၊ နှစ်အလိုက် ဘက်စုံထူးချွန်ကျောင်းသား (လူရည်ချွန်) မွေးထုတ်ပေးနိုင်မှု၊ ပညာသင်ဆုရရှိမှု နှင့် ပညာရေး ပြက္ခဒိန်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီ အဖွဲ့ဝင်များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ က ကျောင်းဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ကျောင်းသား ကျောင်းသူများ အားကစားတွင် ထူးချွန်သူများဖြစ်စေရန် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ၊ ပန်းချီ၊ ကာတွန်း ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် စနစ်တကျလေ့ကျင့်ပြသနိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများအား ကွန်ပျူတာ အခြေခံပညာအဆင့် ရရှိရေးအတွက် စဉ်ဆက် မပြတ် လေ့ကျင့်ပေးနိုင်ရေး၊ သန့်ရှင်းသော သောက်သုံးရေ အတွက် ရေသန့်စက်မှ လိုအပ်သည်များ ပြန်လည်ပြင်ဆင်နိုင်ရေး လုပ်ငန်းများနှင့် စပ်လျဉ်းပြီး အကြံပြုဆွေးနွေးသည်။
ယင်းနောက် ကျောင်းအုပ်ဆရာကြီးက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးနှင့်
ကျောင်းနေမြဲရန် လိုအပ်မှု၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းစတင်အပ်ရာတွင် မိဘကိုယ်တိုင် လာရောက် အပ်နှံခြင်းဖြင့် မိမိတို့ သားသမီးများ၏ မွေးသက္ကရာဇ်၊ အမည်နှင့် မိဘအမည်များ မှန်ကန်မည်ဖြစ်သည့် အတွက် နောင်တွင် ကောင်းမွန်စေ မည်ဖြစ်ကြောင်း၊ အထကကျောင်းအဆင့်နှင့် လျော်ညီစွာ အစည်းအဝေး၊ အခမ်းအနား၊ ကျောင်းကပွဲများ ကျင်းပနိုင်သည့် နှစ်ထပ်ခန်းမဆောင် တစ်ခုအား ဆောက်လုပ်ထားလျှင် အနာဂတ်အတွက် သင့်လျော်မည်ဖြစ်ကြောင်းနှင့် ကျောင်းဖွံ့ ဖြိုးမှု လုပ်ငန်းစဉ်အရ ရေရှည် အကျိုးဖြစ်ထွန်းစေရန် ကော်မတီဝင်များက ပူးပေါင်းဆောင်ရွက်ပေးကြရန် နိဂုံးချုပ် ရှင်းလင်းပြောကြားသည်။
သတင်း။ ။ ဝေယံလင်း