သြဂုတ်လ(၄)ရက်နေ့က တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ ကျေးရွာများအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် အတူ ရေကြီးရေလျှံမှုများကြောင့် ဖြစ်ပေါ်ခဲ့ရသော ကျိုင်းလပ် ရေဘေးသင့် ပြည်သူများ အတွက် ကမ္ဘောဇဘဏ်လီမိတက်မှ ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း (၃၇၀)ကို ယနေ့ သြဂုတ်လ(၁၅)ရက် နံနက်(၉)နာရီခွဲ အချိန်က တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ လာရောက် လှူဒါန်းသွားကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် တာချီလိတ်ဘဏ်ခွဲ(၁)မှ မန်နေဂျာ ဒေါ်ဇင်မင်းသန့်၊ တာချီလိတ်ဘဏ်ခွဲ(၂)မှ မန်နေဂျာ ဒေါ်ချစ်စုသန့် နှင့် ဘဏ်ဝန်ထမ်းများမှ လာရောက်လှူဒါန်းရာ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး
ဦးတင်ဝင်းရွှေတို့မှ ရေဘေးသင့်ပြည်သူများ ကိုယ်စား လက်ခံပေးသည်။
တာချီလိတ် ကမ္ဘောဇဘဏ်မှ လှူဒါန်းသော ကျပ်သိန်းပေါင်း (၃၇၀)သည် ကျိုင်းလပ်မြို့ရှိ ကျေးရွာ(၆)ရွာများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် နေအိမ်မျောပါ ယိုင်လဲ စုစုပေါင်း အိမ်ထောင်စု (၇၄)စုအတွက် တစ်အိမ်ထောင်လျင် ကျပ်ငွေ(၅)သိန်း နှုန်းဖြင့် ပေးအပ်လှူဒါန်း နိုင်ရန်အတွက် လှူဒါန်းလာခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း။ ။ ဝေယံလင်း