ဌာန(၈)ခု တစ်နေရာတည်း စုပေါင်းထားသည့် ပြည်သူ့ဝန်ဆောင်မှုရုံး တာချီလိတ်မြို့နယ်ထွေ/အုပ်ရုံးတွင် ဖွင့်လှစ်ထားရှိ

ဌာန(၈)ခု တစ်နေရာတည်း စုပေါင်းထားသည့် ပြည်သူ့ဝန်ဆောင်မှုရုံး တာချီလိတ်မြို့နယ်ထွေ/အုပ်ရုံးတွင် ဖွင့်လှစ်ထားရှိ
သြဂုတ် 24, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်ရုံး စိုက်ရာမြို့နယ်များ၌ ပြည်သူတို့၏ အခြေခံ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ရာတွင် တစ်နေရာတည်း တစ်ချိန်တည်း၌ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာ/အဖွဲ့အစည်း (၈)ခု ပါဝင်သည့် ပြည်သူ့ဝန်ဆောင်မှုရုံး  One Stop Shops (OSS)ရုံးအား ဖွင့်လှစ်လိုက်သည်ဖြစ်ရာ တာချီလိတ်ခရိုင်ရုံးစိုက်ရာ တာချီလိတ်မြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်း အတွင်း၌လည်း အဆိုပါ ရုံးအား သြဂုတ်လ(၁၇)ရက်နေ့က ဖွင့်လှစ်ထားရှိပြီးကြောင်း သိရသည်။

ယခုလို စုပေါင်းရုံးအဖြစ်  ပြည်သူ့ဝန်ဆောင်မှုရုံး  One Stop Shops (OSS)ရုံးအား ဖွင့်လှစ်ထားရှိရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ပြည်တွင်း အခွန်များဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စသည့် ဌာန(၈)ခုကို ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက "One Stop Shops အနေနဲ့ ဌာန(၈)ခု စုပေါင်းထားပါတယ်၊ တစ်နေရာတည်းမှာ လွယ်လွယ်ကူကူနဲ့ ဆောင်ရွက်နိုင်ရန်ပါ၊ နေ့ချင်းအပြီး ဆောင်ရွက်လို့ရတာကို ဆောင်ရွက်ပေးသွားမယ်၊ လိုအပ်တဲ့ အချက်အလက်တွေရှိလာရင်တော့ နောက်တစ်ရက်ကို ကူးသွားနိုင်တာပေါ့၊ အခု ဌာန(၈)ခုနဲ့ သက်ဆိုင်တာမှန်သမျှ၊ ဒီမှာဘဲ လာပြီးတော့ ဆောင်ရွက်နိုင်ပါတယ်..."ဟု ပြောသည်။

OSS ရုံးတွင် မြို့နယ်ထွေ/အုပ်နှင့် ပတ်သက်သည့် လုပ်ငန်းများဖြစ်သည့် ပွဲမိန့်လျှောက်ထားခြင်း၊ ဓါတ်သတ္တုလုပ်ငန်း(အုတ်၊သဲ၊ကျောက်) လိုင်စင်လျှောက်ထားခြင်း၊ မြင်းကောင်ရေ (၂၀)အောက် စက်တပ်ရေယာဉ်လိုင်စင် ထုတ်ပေးခြင်း၊ လူမှုရေး အသင်းအဖွဲ့ဆိုင်ရာကိစ္စ ရပ်များ၊ ကောက်ကြီး ခွန်ကောက်ခံခြင်း လုပ်ငန်းများ၊ မြို့မြေဂရံ ဆောင်ရွက်ခြင်း၊ မြို့မြေငှားခွန် ကောက်ခံခြင်း လုပ်ငန်းများ၊ မြေယာတိုင်ကြားမှု ကိစ္စရပ်များ ဖြေရှင်းခြင်း၊ ဗီဒီယိုလုပ်ငန်းလိုင်စင် ( ပြ / ငှား / ဖြန့်ချီ/ ကာရာအိုကေ)ထုတ်ပေးခြင်း စသည့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်ကြောင်း သိရသည်။

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနနှင့် ပတ်သက်၍ မြေငှားဂရန် လျှောက်ထားရေးကိစ္စရပ်များ၊ လယ်ယာမြေအခြားနည်းသုံးစွဲခွင့် လျှောက်ထားမှုများအတွက် ဆောင်ရွက်နိုင်ကြောင်းသိရပြီး၊ မြို့နယ်ပြည်တွင်းအခွန်များ ဦးစီးဌာန နှင့် ပတ်သက်၍ စာချုပ်အမျိုးမျိုး အတွက် အခွန်များဆောင်ရွက်နိုင်ကြောင်း သိရသည်။

မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာန နှင့် ပတ်သက်၍လည်း မီတာလျှောက်လွှာတင်ခြင်း၊ မီတာသတ်မှတ်ကြေး ပေးသွင်းခြင်း၊ မီတာတပ်ဆင်လိုခြင်း စသည့်ကိစ္စများကို ဆောင်ရွက်နိုင်ကြောင်း နှင့် ခရိုင်ကျန်းမာရေး ဦးစီးဌာနအနေဖြင့်လည်း မွေးစာရင်းထုတ်ပေးခြင်း၊ သေစာရင်း၊ သင်္ချိုင်းလက်မှတ် ထုတ်ပေးခြင်း၊ ဆေးထောက်ခံချက် ထုတ်ပေးခြင်း နှင့် ကျန်းမာရေးနှင့် ပတ်သက်သည့် ထောက်ခံချက်များကို ဆောင်ရွက်ပေးကြောင်း သိရသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ မိုဘိုင်းဖုန်း ကဒ်ပျက်၊ ကဒ်ပျောက်များကို ဆောင်ရွက်ပေးပြီး၊ စည်ပင်သာယာရေးဌာန အနေဖြင့်လည်း ဆိုင်ကယ်ဘီးခွန်၊ ကားဘီးခွန်၊ အငှားတန်းလျားလိုင်စင်၊ တည်းခိုခန်းလိုင်စင်၊ စီးပွားရေးကြော်ငြာဆိုင်းဘုတ်၊ ပုဂ္ဂလိက အိမ်ဆိုင် လိုင်စင်၊ ဈေးဆိုင်ခန်းငှားရမ်းခ၊ စားသောက်ဆိုင်လိုင်စင် နှင့် ဘေးအန္တရာယ်လိုင်စင် နှင့် စည်ပင်သာယာရေးဌာနနှင့် ပတ်သက်၍ လုပ်ငန်းများကို လာရောက် ဆောင်ရွက်နိုင်မှာဖြစ်သည်။

မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနအနေဖြင့်လည်း ပုံစံ(၁၀)အ၀င်လျှောက်ထားခြင်း၊ ပုံစံ(၁၀) အထွက်လျှောက်ထားခြင်း၊ မွေးဖွားသူအမည်စာရင်းတိုးခြင်း နှင့် သေဆုံး/ပယ်ဖျက်ခြင်း ကိစ္စများကို ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ဌာန(၈)ခုအား တစ်နေရာတည်းတွင် ဖွင့်လှစ်ထားရှိသည့်အတွက် အများပြည်သူများအနေဖြင့် အချိန်တိုအတွင်း၌ လွယ်ကူစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း နှင့် နေ့ချင်းပြီး ဆောင်ရွက်လို့ရသည့် ကိစ္စများကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~