တတိယအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်စပ်ဖြစ်သည့် တာချီလိတ်မြို့တွင် လူကုန်ကူးမှုများ ပပျောက်ရေးနှင့် မှုခင်းများ လျော့ပါးစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးမှုအဖြစ် ယနေ့ သြဂုတ်လ (၂၄)ရက်နေ့ နံနက်(၁၀)နာရီခွဲ အချိန်က အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
"လူမှောင်ခိုကူးမှု နှင့် လူကုန်ကူးဆိုတာ ဆက်နွယ်သလိုနှင့် ကွာခြားပါတယ်။ လူမှောင်ခိုကူးမှုကို နယ်စပ်တွေ ၊ ပြည်ပတွေမှာပဲတွေ့ ရပါတယ်။ တစ်ဖက်နိုင်ငံကို တရားဝင် မဟုတ်ဘဲ အခကြေးငွေဖြင့် ယူကာ ခိုးကူးပေးမှုဟာ လူမှောင်ခိုကူးမှုအဖြစ် သက်ရောက်ပါတယ်။ လူကုန်ကူးကို ပြည်တွင်းမှာရော ၊ ပြည်ပမှာရော တွေ့ရှိနိုင်ပါတယ် ။ လူကုန်မှာကျတော့ အချက် (၃) ချက်ဖြစ်တဲ့ (၁) နည်းလမ်း (၂) လုပ်ဆောင်ချက် (၃) ခေါင်းပုံဖြတ် စသည့် အချက်သုံးနဲ့ ပက်သက်ခဲ့မယ်ဆိုရင် လူကုန်ကူးမှုဖြစ်ပါတယ်။ နည်းလမ်းမှာတော့ ဥပမာအားဖြင့် အရင်ဆုံး မိမိ လိုအင်ဆန္ဒကို လိုချင်စိတ်ပိုများလာအောင် တိုက်တွေ ၊ ကားတွေ ၊ ငွေထုပ် စသည်တို့ဖြင့် ဆွဲဆောင်လိမ့်မည်။ လုပ်ဆောင်ချက်ဆိုတာက လူတစ်ယောက်ကို တစ်ဖက်နိုင်ငံသို့ပို့ ဆောင်ရန် နည်းလမ်းမျိုးစုံနှင့် ပြုလုပ်ခြင်းဖြစ်ပါတယ် ။ ခေါင်းပုံဖြတ်ဆိုတာက ရောင်းစားခံရခြင်း ၊ သူတောင်းစားလုပ်ခိုင်းခြင်း ၊ လုပ်အားခ အား အပြည့်မပေးဘဲ ဖြတ်ယူထားခြင်း ၊ကိုယ် ရော စိတ်ပါ ညှင်းပန်းနှိပ်စက်ခြင်း စသည့် နည်းလမ်းများစွာ ပါဝင်ပါတယ်..." ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ ရဲအုပ်လှဘုန်းက ရှင်းလင်းပြောကြားသည်။
ယခု ပြုလုပ်သည့် ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)မှ ကျောင်းအုပ်ဆရာကြီး ဦးလှဝင်း နှင့် ဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သြဂုတ်လ(၂၅)ရက်နေ့တွင် လူကုန်ကူးမှုနှင့် မှုခင်းများလျော့ပါးစေရန် အခြေခံပညာအထက်တန်းကျောင်း (ဆန်ဆိုင်း)တွင် အသိပညာပေး ဟောပြောသွားမှာဖြစ်ပြီး ဆက်လက်၍လည်း အခြားကျောင်းများသို့ သွားရောက်ကာ ဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တာချီလိတ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရှိရသည်။
ဓါတ်ပုံ/သတင်း။ ။ ဇောင်းညီ