ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအား မီးလောင်မှု၊ မီးလန့်မှုများ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အရန်မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် ထိရောက်စွာဆောင်ရွက်နိုင်ရန် နှင့် နိုင်ငံတော်၏ အရန်အင်အားအဖြစ် လေ့ကျင့်ဖွဲ့စည်း တည်ဆောက်ရန် ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဆင်းပွဲကို ယနေ့ သြဂုတ်လ(၂၈)ရက်၊ နံနက် (၉)နာရီ အချိန်က ဆန်ဆိုင်း (ခ)ရပ်ကွက်ရှိ အဆိုပါ ဦးစီးဌာနရုံး၊ ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲ အခမ်းအနား၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် မီးသတ် ဦးစီးဌာန၏ ရည်မှန်းချက်(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး ၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့်လုပ်ငန်းများနှင့်အညီ မီးသတ်တပ်ဖွဲ့ကို နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသား လုပ်သားပြည်သူများ၏ အသက်အိုးအိမ် ပစ္စည်းများ၊ နိုင်ငံတော်ပိုင်ကုန်ထုတ် အရင်းအနှီးများ၊ အဆောက်အဦများကို မီးဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်နိုင်ရန် ၊ သဘာဝအလျောက် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များကို ပြည်သူလူထု၊ လူမှုအသိုက်အ၀န်းများနှင့် ပူးပေါင်းပြီး ကာကွယ်တားဆီး စောင့်ရှောက်ရန် နှင့် နိုင်ငံတော်၏ အရန်အင်အားအဖြစ် လေ့ကျင့်ဖွဲ့စည်း တည်ဆောက်ရန် ဆိုသည့် မွန်မြတ် မြင့်မားသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့အတူ အရန် မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူလူထု၏ ကိုယ်စိတ်နှစ်ပါး ချမ်းသာမှုရအောင် လုပ်ဆောင်ပေးရန် ဟူသည့် ပြည်သူကိုဦးစား ပေးသည့် မူဝါဒ နှင့်အညီ ပြည်သူလူထု ယုံကြည်ရသည့် မီးသတ်တပ်ဖွဲ့ ဖြစ်စေရေးအတွက် သန္ဓေမီးသတ်တပ်ဖွဲ့ ၀င်များနှင့်အတူ စည်းလုံးညီညွတ်စွာ ပြည်သူ့အကျိုးပြု ရှေးရှုဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဆန်ဆိုင်း(ခ)ရပ်ကွက်မှ ပထမဆုရ တပ်ကြပ် မင်းကို အား ဂုဏ်ပြုဆုကို လည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များအား သင်တန်းသားများကိုယ်စား ၀မ်ကောင်း ရပ်ကွက်မှ ဒုတပ်ကြပ် ကျော်မိုးဟိန်းအား လည်းကောင်း တာဝန်ရှိသူများက ပေးအပ်သည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးကျော်သူ နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ နှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်သည်။
ယင်းသင်တန်းအား ၃-၈-၂၀၁၅ ရက်နေ့မှ ၂၈ - ၈ -၂၀၁၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး၊ မြို့ပေါ် ရပ်ကွက်(၁၁)ရပ်ကွက်မှ သင်တန်းသား (၅၀)ဦး တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သတင်း။ ။ ဝေယံလင်း