ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်မြို့ရှိ စွမ်စော်ရပ်ကွက်တွင် ကျပ်သိန်းပေါင်း (၆၁)သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရွှေလီင်္စစ်ဆင်ရေး(၂)စီမံချက်အရ ဖမ်းဆီးရမိကြောင်း မူဆယ်မူးယစ်တပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရွှေလီစစ်ဆင်ရေး(၂) စီမံချက်အရ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ မြို့ပေါ်လှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့များသည် မူးယစ်တပ်ဖွဲ့စု(၁၀၂)နေပြည်တော်မှ တပ်ဖွဲ့ဝင်များနှင့် မူဆယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ဖြင့် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ ဘုန်းကြီးကျောင်းအနီးရှိ လမ်းမပေါ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်မှာ ကျပ်(၆၁)သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိတာဖြစ်ကြောင်း မူဆယ်မြို့ပေါ်လှုပ်ရှား မူးယစ်တပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးများကို ရှာဖွေရရှိရာတွင် စွမ်စော်ရပ်ကွက်ဘက်မှ ရင်ရုံးကျဲ့တစ်ဦးတည်း မောင်းနှင်စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ ၎င်းလွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ 88 နှင့် 1 စာတန်း တစ်ဖက်စီပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၂၀၀)ပြား နှင့် Wy စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၈၀၀)ပြား စုစုပေါင်း စိတ်ကြွဆေးပြား (၃၀၀၀)ပြား အပြင် ဘိန်းဖြူမှုန့် အလေးချိန် စုစုပေါင်း (၈.၄)ဂရမ်ခန့်တို့အား ရှာဖွေသိမ်းဆည်းရမိရာ ကာလတန်ဖိုးငွေမှာ ကျပ်(၆၁)သိန်းကျော် ရှိကြောင်း သိရသည်။
ဆက်လက်၍ လက်ဝယ်တွေ့ရှိရသူ ရင်ရုံးကျဲ အား မူဆယ်မြို့မရဲစခန်းတွင် မူးယစ်(ပ)၁၀၄/၂၀၁၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရှိရသည်။