ကားကြုံစီးတဲ့ ဆရာ/ဆရာမများကို ကူညီပါ ( ဆောင်းပါး )

ကားကြုံစီးတဲ့ ဆရာ/ဆရာမများကို ကူညီပါ ( ဆောင်းပါး )
စက်တင်ဘာ 1, 2015
By Tachileik News Agency

ပြီးခဲ့တဲ့ရက်က ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ၊ ငါးသိုင်းမြို့/အသုတ်မြို့များသို့ ရေဘေး
ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းပြီး သြဂုတ်လ(၂၆)ရက်နေ့ ညနေ(၄)နာရီအချိန်ခန့်မှာ အသုတ်မြို့မှ မော်တော်ယာဉ် (၄)စီးဖြင့် ပုသိမ်မြို့သို့ ထွက်ခွါလာခဲ့ပါတယ်။

ကားကြုံစီးတဲ့ ဆရာ/ဆရာများကို ကူညီပါ ( ဆောင်းပါး )။  ။ စည်သူမောင်

အသုတ်မြို့နဲ့ ကံကလေးလမ်းခွဲက (၈) မိုင်ကွာဝေးပြီး ၎င်းလမ်းခွဲမှ ပုသိမ်မြို့ကို (၃၈)မိုင်နဲ့(၂)ဖာလုံဝေးကွာပါတယ်။ ကျွန်တော့်ကားလေးဟာ ပွိုင့်အဖြစ်ရှေ့ဆုံးမှ ဦးတည်မောင်းလာစဉ် ကံကလေး လမ်းဆုံအရောက် လမ်းဘေးမှာ လက်ကိုင်ခြင်းကိုကိုင်ပြီး အဖြုအစိမ်းဝတ် ကျောင်းဆရာမတစ်ဦးမှာ ကျွန်တော်တို့ ကားကိုလက်ပြ၍ ကားကြုံစီးလိုတဲ့ မျက်နှာလေးနှင့် မဝံ့မရဲဖြစ်ကာ အကူအညီ တောင်းနေတာကို ကားမောင်းနေရင်း ကျွန်တော်လှမ်းတွေ့လိုက်ရလို့ ဆရာမလေးကို ကျော်ပြီး ကျွန်တော့်ကားကို ရပ်ပေးလိုက်ပါတယ်။

ဆရာမလေးကို လှမ်းပြီး “ ဆရာမ ဘယ်သွားမှာလဲဗျ ” ဟု လှမ်းမေးတော့ “ပုသိမ်ကို ကားကြုံ လိုက်ချင်လို့ပါ”တဲ့..

“ ကဲ...လာ ..လာ ” ဆိုပြီး ကားနောက်ခန်းထဲ ဝင်ထိုင်ခိုင်းပြီး “ဆရာမလေး ဘယ်ကလာပြီး စာလာသင်တာလဲ၊ အဖော်ကော မပါဘူးလားဗျ..” ဟုမေးကြည့်လိုက်တော့ ဒီနေ့မှ အဖော်က ခွင့်ယူထားလို့ပါတဲ့.. သူတာဝန်ကျတာက အသုတ်မြိှု့နဲ့ ကံကလေး( တြိဂံ)လမ်းဆုံအကြား “ ယိုးဒယားတက်ကုန်းကျေးရွာ" အထကတန်းကျောင်းက မူလတန်းပြဆရာမလေးဖြစ်
ကြောင်းပြောပြ မိတ်ဆက်ပါတယ်။

နေ့စဉ် နံနက် (၄)နာရီခွဲ ထပြီး ပုသိမ်မြို့ ယိုးဒယားတက်ကုန်းကျေးရွာအထိ လိုင်းကားစီးမယ်ဆိုပါက တစ်ရက်ကို (၁၅၀၀)ကျပ် ကုန်ကျပြီး ကားခမပေးဘဲ အခမဲ့ စီးနင်းခွင့်မရှိပေမယ့်လည်း မိန်းမသား တစ်ယောက်အဖို့ ကားခ မတတ်နိုင်တဲ့ ရက်မျိုးဆိုရင် စပယ်ယာများရဲ့ မသိမသာ
ငြူဆူကဲ့ရဲ့ပြောဆိုခံရတဲ့ အပြင် မီးရထားနဲ့ သွားမယ်ဆိုရင်လည်း (၂)နာရီကြာမြင့်စွာ စီးရပြီး လူကြားထဲမှာ လက်မှတ်စစ်များ၏ ငြူဆူ သတိပေးစကားများလည်း ခံခဲ့ရပြီး ယခုလိုဆရာမဆိုတဲ့ ဂုဏ်ပုဒ်ကို ဘေးချိတ်လို့ လမ်းဆုံလမ်းဂွဘေးတွင် နေဝင်ချိန်အထိ မရှက်မကြောက် နေ့စဉ် ကားတားစီးနေရတဲ့ ဆရာမတစ်ယောက်ရဲ့ဘဝကို မြင်မိ ကြားမိတော့ ကားပေါ်ပါလာသူ ကျွန်တော်တို့အားလုံး စိတ်မကောင်းဖြစ်မိတာ အမှန်ပါ..။

ဆရာမတစ်ယောက်ရဲ့ လစာနဲ့နေ့စဉ် လိုင်းကားစီးပြီးလမ်းဆုံမှတဆင့် အသုတ်မြို့လမ်းအတိုင်း ( ၄ ) မိုင်ခန့် ဆိုင်ကယ်ထပ်ငှားရပြန်တယ်၊ ဒီအထဲ မူးယစ်ရမ်းကား နောက်ပြောင်တတ်သူများရဲ့ ရန်ကလည်း ကြောက်ရပြန်၊ ရွာကပေးထားတဲ့  တဲသာသာအိမ်ကလေးကလည်း မလုံခြုံတဲ့အတွက် မနေရဲပြန်..

“ဒါဆိုရင် ..ဆရာမက နေ့စဉ် ဒီလိုကား တားစီးတဲ့အခါ ဘယ်လိုကားမျိုးကိုရွေး
ပြီးတားသလဲဗျ..” ဟု မေးကြည့်တော့ “ ပုံမှန် Light Truck ကားတွေကိုပဲ စောင့်ပြီးတားစီးပါတယ်။ စောင့်ရင်း မိုးချုပ်တာမျိုး ရှိသလို နောက်ဆုံးမရရင်တော့ လိုင်းကားကိုပဲ တက်စီးပြီး ဆင်းတဲ့ အခါကျရင် စပယ်ယာက မကြားတကြားနဲ့ “ဆရာမဖြစ်ပြီး,...မသိတတ်ဘူး ..လောကမှာ အလကားရတာ ဘာရှိလဲ ” ဆိုပြီး မထိတထိပြောတာလဲခံရတာပါပဲရှင်..” လို့ ပြောပြပါတယ်။

ကျွန်တော်တို့လို အိမ်စီးကားမျိုးကို မဝံ့မရဲ အရဲစွန့်ပြီးတားစီးရတာလဲ အကြိမ်ကြိမ်ပါပဲတဲ့ဗျာ..
ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ကူညီရိုင်းပင်းတတ်တယ်တဲ့ ၊ ကိုယ်ချင်းစာနာစိတ် အပြည့်ရှိကြတယ်တဲ့ ၊ ပရဟိတစိတ်တွေလဲ ရှိကြပြန်တယ်တဲ့၊ ယဉ်ကျေးပျူငှာကြတယ်တဲ့...

အခုလို ဆရာ/မလေးများရဲ့ ဘဝအခက်အခဲတွေ နေရာတိုင်းမှာ ရှိနေကြမှာပါ ၊ ကိုယ့်တူ ကိုယ့်သားသမီးလေးများရဲ့ အသိပညာ ၊ အတတ်ပညာတွေကို သင်ကြားပေးနေတဲ့ ဆရာ/မလေးများရဲ့ တဒင်္ဂ အခက်အခဲများကို ခရီးသွားရင်း ကုသိုလ်စိတ်ကလေးနဲ့ ကူညီပေးကြစေလိုပါတယ်၊

ဆရာမလေး အဖို့ကတော့ ဒီလိုကားကြုံလိုက်စီးရတဲ့ ဘဝက အတော်ကလေး ရင်းနှီးကျွမ်းကျင်နေလောက်
ပြီလို့ထင်ပါတယ် ...

ဒီလိုနေရာမျိုးကို ဒီဆရာမလေးများမှ ငွေထုပ်ကြီးပုံပေးပြီး တမင်သက်သက် တောင်းယူထားပုံမရသလို ငွေ
မလိုက်နိုင်လို့ ဒီလိုနေရာမျိုးတွေကိုများ တာဝန်ကျရရှာသလားလို့ မဆီမဆိုင်အတွေးများက တွေးမိလာရင်း
နေ့စဉ် ကားတားစီးရတဲ့ ဘဝမျိုးမှ အမြန်ဆုံးလွတ်ကင်းပြီး ကားတားစီးတဲ့ အခါမျိုးမှာလည်း ကူညီ ရိုင်းပင်းပြီး စိတ်စေတနာကောင်းတဲ့ သူများနဲ့ကြုံတွေ့ရပါစေလို့ ဆုတောင်းလိုက်ပါတယ် ဆရာမလေးရေ......

ဆောင်းပါး။  ။ စည်သူမောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~ကြော်ငြာ ~~~~~~~