မြန်မာ - ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ၀ိရောစန (မဟာဂန္တ၀ါစကပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ)မှ ဦးဆောင်၍ မြန်မာ - ထိုင်း စေတနာရှင် တပည့် ဒကာ,ဒကာမများ စုပေါင်းလှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများကို ရေဘေးသင့် ဒေသများသို့ စတုတ္ထအကြိမ်အဖြစ် သွားရောက် ထောက်ပံ့လှူဒါန်းရန်အတွက် ပြင်ဆင်နေလျက်ရှိရာ ယနေ့ စက်တင်ဘာလ(၁)ရက်နေ့တွင် ပုဆိုးအထည် အသစ် (၂၂၀၀)ကို စနစ်တကျ ပြန်လည်ထုပ်ပိုးနေကြောင်း သိရသည်။
စတုတ္ထအကြိမ်အဖြစ် သွားရောက် ထောက်ပံ့လှူဒါန်းရန်အတွက် စေတနာရှင်များ အနေဖြင့် လှူဒါန်းလိုပါက ဆန်၊ ငါးသေတ္တာ၊ ခေါက်ဆွဲ၊ အိမ်သုံးဆေးစုံ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာခွက်၊ ဆပ်ပြာခဲ၊ ဘိနပ်များ(အသစ်) နှင့် ကျောင်းသုံးပစ္စည်းများကို လှူဒါန်းနိုင်မှာဖြစ်ပြီး အလှူခံဌာနများအနေဖြင့် တာချီလိတ်မြို့ ဗယ်လင်တိုင်း(ကဖေးနှင့်အအေး)စားသောက်ဆိုင် နှင့် ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်တို့တွင် လာရောက် လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် စေတနာရှင်များမှ စုပေါင်း ပါဝင်လှူဒါန်းကြရာ ပြီးခဲ့သည့် (၃)ကြိမ်တိတိတွင် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း(၂၃၀၀)ကျော် တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။